၁၃.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဒေါဆာခရိုင်အတွင်း လယ်လ်ဆော့-မာနိုဟုပူရ် အမျိုးသားလမ်းမကြီးပေါ်မှာ ဘာပီကျေးရွာအနီး ဘုရားဖူးတွေတင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားတစ်စီးနဲ့ ကုန်သေတ္တာယာဉ်တစ်စီးတို့ ဩဂုတ်လ ၁၃ ရက်နံနက်က ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြတာမှာ ကလေးခုနစ်ဦးနဲ့ အမျိုးသမီးလေးဦးတို့အပါအဝင် ပစ်ကပ်ကားပေါ်က ဘုရားဖူး ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ယာဉ်တိုက်မှုက ဘာပီကျေးရွာအနီးမှာဖြစ်ပွားခဲ့တာလို့လည်း စိန်သယ်လ်ရဲစခန်းက ပြောခဲ့ပါတယ်။
ပစ်ကပ်ထရပ်ကားပေါ်မှာ လိုက်ပါလာသူ ၂၀ ရှိပြီး ကိုးဦးဒဏ်ရာရခဲ့တဲ့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ ဒေါဆာခရိုင်ဆေးရုံကို ချက်ချင်းတင်ပို့ပေးခဲ့ပါတယ်။ ဒီနောက် သူတို့ရဲ့ အခြေအနေစိုးရိမ်ရလို့ ရာဂျာစတန်ပြည်နယ်မြို့တော်၊ ဂျေပူမြို့ဆေးရုံကို ထပ်မံပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘုရားဖူးတွေ အပြည့်တင်ဆောင်လာတဲ့ ပစ်ကပ်ထရပ်ကားနှစ်စီးရှိပြီး သူတို့ နှစ်စီးမှာ တစ်စီးက နောက်တစ်စီးကိုကျော်တက်ဖို့ ကြိုးစားရာမှာ ကုန်သေတ္တာတင်ယာဉ်နဲ့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြတာပါ။
ဘုရားဖူးတွေက ပြည်နယ်အတွင်းမှာရှိတဲ့ ခါတူရှရမ်ဟိန္ဒူဘုရားကျောင်းကို သွားရောက်ခဲ့ပြီး ပြန်လာကြတာလို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Ref-Hindustan Times


