◾ ထိုင်းနိုင်ငံ စကွန်နခွန်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့အတူ လိုင်စင်မဲ့ကားအတွင်းရှိနေတဲ့ နာမည်ကျော် သင်္ကန်းဝတ်ဘုန်းကြီးကို လူဝတ်လဲပြီး စစ်ဆေးမှု လုပ်ဆောင်နေ
သတိုး
၁၃. ၈. ၂၀၂၅
ထိုင်းနိုင်ငံ စကွန်နခွန်ပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့အတူ ကားအတွင်းရှိနေတဲ့ နာမည်ကျော် သင်္ကန်းဝတ်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စကွန်နခွန်ရဲတပ်ဖွဲ့က သိရပါတယ်။
◾ ဘယ်လို အခြေအနေနဲ့ တွေ့ခဲ့သလဲ
ဖြစ်စဥ်မှာ မနေ့က ဩဂုတ်လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ စကွန်နခွန်ရဲ့ ခမင်းရဲစခန်းက ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့အတူ စကွန်နခွန်ပြည်နယ်၊ မောင်းခရိုင်၊ ခမင်းရပ်ကွက်ရှိ ဘန်ဖန်တူးမြောင်းတစ်ဝိုက်မှာ ကင်းလှည့်နေခဲ့ပါတယ်။
အဲဒီအချိန် ယာဉ်အမျိုးအစားနဲ့မကိုက်ညီဘဲ အပြာရောင်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားတဲ့ အနက်ရောင် ဟွန်ဒါစီးတီးကားတစ်စီးကို သံသယဖြစ်ဖွယ် တွေ့ရှိခဲ့ပါတယ်။ ကားကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ကားထဲမှာ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးတည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ဘုန်းကြီးရဲ့အမည်ကတော့ ချိုင်ယန်းရောင်ဖြစ်ပြီး အသက် ၅၃ နှစ်အရွယ်ဖြစ်ကာ ဘီခန်းပြည်နယ်၊ စိုဖီဆိုင်ခရိုင်က ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဆက်စပ်မှုရှိသူဖြစ်ပါတယ်။ သူရဲ့ မှတ်ပုံတင်အရ နေရပ်လိပ်စာကတော့ စကွန်နခွန်ပြည်နယ်၊ ချာရန်စစ်ခရိုင်၊ သွန့်ကဲရပ်ကွက်ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သူ့ကို စကွန် နခွန်ပြည်နယ်၊ မောင်းခရိုင်၊ ခမင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ခေါ်ဆောင်သွားပြီး လူဝတ်လဲခဲ့ပါတယ်။ ဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း မရှိဘူးလို့ တွေ့ရှိရပါတယ်။
ယာဉ်မှာ မှတ်ပုံတင်အတုတပ်ဆင်ထားတာကိုလည်း တွေ့ရှိရတာကြောင့် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ကားကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ KhaoSod သတင်းမှာ ဖော်ပြထားပါတယ်။
◾ အလားတူဖြစ်ခဲ့တဲ့ သင်္ကန်းဝတ်တွေရဲ့ မူးယစ်ဆေးသုံးစွဲမှု
အလားတူ ဖြစ်ရပ်အနေနဲ့ ဆူရတ်ဌာနီရှိ နာမည်ကြီးဘုန်းကြီးကျောင်းတစ်ကျောင်းက ကျောင်းထိုင်ဘုန်းကြီးနဲ့ အခြားဘုန်းကြီးတွေဟာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးသားဗုဒ္ဓဘာသာရုံးကလည်း သူတို့ကို ချက်ချင်းလူဝတ်လဲစေခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။
ဒီဖြစ်ရပ်မှာတော့ ဆူရတ်ဌာနီပြည်နယ်၊ ကော့စမွီခရိုင်အုပ်ချုပ်ရေးမှူး အမွန်ချူချူက ကော့စမွီရဲစခန်းက ရဲမှူးကြီးပညာ နီရတ်တီမာနွန်နဲ့ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူးစဝပ်ထာလာဝယ်တို့ပါဝင်တဲ့ အဖွဲ့ကို ဦးဆောင်ပြီး ဒေသခံရဲတပ်ဖွဲ့နဲ့ ဆူရတ်ဌာနီ အမျိုးသားဗုဒ္ဓဘာသာရုံးတို့နဲ့ ပူးပေါင်းပြီး တလင်ငမ်ရပ်ကွက်၊ မောင်း (၅)မှာရှိတဲ့ စန္တီဝါရာရမ်ဘုန်းကြီးကျောင်းကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒီလိုစစ်ဆေးရတဲ့အကြောင်းရင်းကတော့ ဘုန်းကြီးကျောင်းမှာ လူငယ်လူရွယ်တွေ သံသယဖြစ်ဖွယ် စုဝေးနေကြောင်းနဲ့ ဘုန်းကြီးတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ သတင်းပေးပို့ချက်တွေ ရရှိခဲ့တာကြောင့်ဖြစ်ပြီး ဒီလို စစ်ဆေးချိန်မှာ ကျောင်းထိုင်ဘုန်းကြီးကအစ မူးယစ်ဆေးဝါးသုံးစွဲနေတာကို ဖမ်းမိခဲ့တာဖြစ်ပေမဲ့ လတ်တလောမှာတော့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်ဆဲဖြစ်လို့ အသေးစိတ်အချက်အလက်တွေက မသိရသေးပါဘူး။
◾ ဒီကာလထဲ ဖြစ်ပွားခဲ့တဲ့ ထိုင်းဘုန်းကြီးတွေရဲ့ ကျုးလွန်မှုတွေ
ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေရဲ့ မလျော်ကန်တဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး စာရင်းဇယားတိတိကျကျ ထုတ်ပြန်ထားတာမျိုးတော့ မရှိပေမဲ့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တချို့မှာတော့ ၂၀၂၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံအလယ်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာရှိတဲ့ ဘုန်းကြီးအားလုံးဟာ မက်သာဖက်တမင်း (Methamphetamine) သုံးစွဲထားတာကို တွေ့ရှိခဲ့ရတာကြောင့် လူဝတ်လဲခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်၊ မေလမှာလည်း အလှူငွေ ဘတ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်း) ကို ခိုးယူအလွဲသုံးစားလုပ်မှုနဲ့ ဘုန်းကြီး ၇ ပါး အပါအဝင် ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ မေလမှာ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်ဟာ ဘုန်းကြီးကျောင်းအလှူငွေ ဘတ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉ သန်းခန့်) ကို အွန်လိုင်းလောင်းကစားအတွက် အလွဲသုံးစားလုပ်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာတော့ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဘုန်းကြီးအများအပြားပါဝင်တဲ့ ကာမအရှုပ်တော်ပုံတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ နာမည်ကြီးဘုန်းကြီးအချို့နဲ့ ဆက်ဆံရေးရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီးနောက် ဘုန်းကြီး ၉ ပါးခန့်ဟာ သိက္ခာချခံခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ ဘုန်းကြီးတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီး ငွေကြေးနဲ့ခြိမ်းခြောက်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကစွပ်စွဲခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာလည်း စစ္စကတ်ခရိုင်က ဘုန်းကြီး ၄ ပါးဟာ မက်သာဖက်တမင်းမူးယစ်ဆေး သုံးစွဲထားတာကို တွေ့ရှိရပြီးနောက် လူဝတ်လဲစေခဲ့တဲ့အပြင် ဒီဖြစ်ရပ်တွေအပြီးမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှာ သာသနာတော်သန့်ရှင်းရေးအဖြစ် ထိုင်းဘုန်းကြီး ရာချီကို စစ်ဆေးဖမ်းဆီးမှု စတင်ခဲ့ပါတယ်။
◾ ဝိနည်းနဲ့အညီ ကျင့်ကြံနေထိုင်မှုမရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါး ဖမ်းဆီးထားလဲ
အခု ဩဂုတ်လဆန်းထဲမှာ ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Investigation Bureau) ရဲ့ ဦးဆောင်မှုနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံတစ်ဝန်းက ဘုန်းကြီးကျောင်း ၂၀၀ ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီလိုစီးနင်းမှုကနေ အလှူငွေအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု၊ အရက်မူးပြီး ကားမောင်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တဲ့ သင်္ကန်းဝတ် ၁၈၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအမှုတွေမှာပါဝင်သူ ၁၅၄ ဦးဟာ ဘုန်းကြီးဝတ်ထားသူတွေဖြစ်ပြီး ၂၇ ဦးကတော့ လူဝတ်လဲထားသူတွေ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းထိုင်ဆရာတော် ၁ ပါး လည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဆူရတ်လုံတီးယားလို့ခေါ်တဲ့ အသက် ၄၅ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ မူးယစ်ဆေးဝါးဂိုဏ်းအတွက် ငွေကြေးခဝါချမှုနဲ့ စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးပြီးနောက် ဘုန်းကြီးအဖြစ်ကနေ လူဝတ်လဲစေခဲ့ပါတယ်။
သူဟာ ဘဏ်အကောင့်ကို အခြားလူတစ်ဦးကို အလွဲသုံးစားပြုလုပ်ခံရကြောင်း ငြင်းဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုက သူ့ရဲ့ဘဏ်အကောင့်ကို ငွေလက်ခံဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဒီစီးနင်းမှုကနေ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအသိုင်းအဝိုင်းကို သန့်စင်ဖို့ ရည်ရွယ်ပြီး စနစ်တကျဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Ref, The Thaiger, Khaosod, Bangkok Post, The Nighty & The Gurdian




