
၉. ၈. ၂၀၂၅
Written by Thettant
ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်က ဂျပန်နိုင်ငံ၊ ကာဂါဝါခရိုင်၊ တာကာမတ်ဆု ကိုနန်ချိုမှာရှိတဲ့ နို့ထွက်ပစ္စည်းထုတ် မွေးမြူရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ကာယကံရှင်မိသားစုက လူမှုကွန်ရက်မှာ ဝမ်းနည်းစွာဖော်ပြထားမှုအရ သိရပါတယ်။
သေဆုံးသူဟာ ပင်လောင်းမြို့နယ်က မြန်မာနိုင်ငံသား ခွန်ကျော်သူ (၂၇)နှစ်ဆိုသူဖြစ်ပြီး သူဟာ TikTok ဆယ်လီ နန်းအိန်ဂျယ်ခမ်းရဲ့ ခင်ပွန်းဖြစ်သလို ပြီးခဲ့တဲ့နှစ်ကမှ နန်းအိန်ဂျယ်ခမ်းကို ဂျပန်ခေါ်ပြီး ဒီနှစ်မေလကမှ ဂျပန်နိုင်ငံမှာ လက်ထက်ထားတာလို့လည်း သိရပါတယ်။

ဒီဖြစ်စဥ်မှာ ခွန်ကျော်သူကို လုပ်ဖော်ကိုင်ဘက်တစ်ဦးက ကုန်းစောင်းတစ်ခုမှာ ကားနဲ့အတူပြုတ်ကျနေတာကို တွေ့ရလို့ အမြန်ဆုံးကူညီကယ်ဆယ်မှုလုပ်ခဲ့ပေမဲ့ ဆေးရုံအရောက် ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
ကနဦးသိရှိထားမှုဖြစ်စဥ်အရ ခွန်ကျော်သူဟာ Forklift ကို နောက်ပြန်မောင်းပြီး မြက်ခြောက်နဲ့ အခြားပစ္စည်းတွေ သယ်ယူနေချိန်မှာ တောင်စောင်းကနေ ပြုတ်ကျခဲ့တာလို့ ဆိုပေမဲ့ တာဝန်ရှိသူတွေက ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှု ဆက်လက် လုပ်ဆောင်နေကြပါတယ်။
“ကျွန်တော့် အစ်ကိုကြီး ခွန်ကျော်သူ ဆုံးသွားပါပြီ။ ဆုတောင်းပေးကြတဲ့ တစ်ဦးတစ်ယောက်တိုင်း ကျေးဇူးတင်လျက်ပါ။ ကောင်းမွန်ရာဘဝ ရောက်ပါစေ ကိုကြီးရေ”လို့ ညီဖြစ်သူ ခွန်အောင်နိုင်က အကိုဖြစ်သူရဲ့ လူမှုကွန်ရက်ကို Tag တွဲ အသိပေးထားပါတယ်။
