
၉. ၈. ၂၀၂၅
Translated by Thettant
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုများကြောင့် နေရပ်ပြန်သွားသည့် ကမ္ဘောဒီးယားလုပ်သား ထောင်ပေါင်းများစွာကြောင့် ဖြစ်ပေါ်လာသော လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းက ကျွမ်းကျင်သည့် မြန်မာလုပ်သားများကို ခေါ်ယူရန် တွန်းအားပေးနေကြောင်း သိရသည်။
ထိုင်းငါးဖမ်းလုပ်ငန်းအသင်းဥက္ကဋ္ဌ Mongkol Sukcharoenkana က ထိုင်းငါးဖမ်းလုပ်ငန်းတွင် တရားဝင်အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁၄,၀၀၀ မှ ၁၅,၀၀၀ ဝန်းကျင် ရှိသည်ဟု ပြောပြီး အဆိုပါ လုပ်သားများမှာ ထိုင်းအစိုးရနှင့် ကမ္ဘောဒီးယားအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding) အရ အလုပ်ခန့်ထားသည့် လုပ်သားများနှင့် ၂၀၁၅ ခုနှစ် ငါးဖမ်းဥပဒေ၏ ပုဒ်မ ၈၃ အရ ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုပေးထားသည့် လုပ်သားများဖြစ်သည်။

Mongkol ၏ ပြောကြားချက်အရ ထိုင်းနှင့် ကမ္ဘောဒီးယားအကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပုဒ်မ ၈၃ အရခန့်ထားသည့် ကမ္ဘောဒီးယားလုပ်သား ၄,၀၀၀ မှ ၅,၀၀၀ အကြား နေရပ်ပြန်သွားပြီဟု ခန့်မှန်းရသော်လည်း MOU လုပ်သားအများစုကမူ ဆက်လက်လုပ်ကိုင်နေကြသည်။ နေရပ်ပြန်သွားသည့်လုပ်သားများမှာလည်း အလုပ်ရှင်အများစုက ဆက်နေစေချသဖြင့် အပိုဆုကြေးများပေးခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာအပါအဝင် တခြားသော ဖိအားများကြောင့် နေရပ်ပြန်ကြရခြင်းဖြစ်သည်။
လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းငါးဖမ်းလုပ်ငန်းအသင်းက အလုပ်သမားကာကွယ်ရေးဥပဒေ ပုဒ်မ ၁၄ အရ မြန်မာလုပ်သားများ အမြန်ဆုံးခေါ်ယူနိုင်ဖို့ရန် အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုသွားမည်ဟု သိရသည်။

ထို့အပြင် မြန်မာလုပ်သားများသည် ငါးဖမ်းလုပ်ငန်းတွင် ကျွမ်းကျင်ပြီးသားဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်လုပ်သားများလို သင်တန်းပေးဖို့ မလိုအပ်ဘဲ လိုအပ်သည့် အရေအတွက်ကို ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်ဟု Mongkol က ပြောကြားသည်။
Ref. , The Nation
