၈ . ၈. ၂၀၂၅
Translated by Thettant
ဂါနာနိုင်ငံရှိ အမျိုးသားရေးအခမ်းအနားတစ်ခုသို့ ပုံမှန်ခရီးစဉ်အဖြစ် စတင်ခဲ့သည့် နိုင်ငံတော်အဆင့်လေယာဉ်ခရီးစဉ်သည် ဝမ်းနည်းစရာအဆုံးသတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးအပါအဝင် ရှစ်ဦးသေဆုံးကာ အဆိုပါဖြစ်ရပ်အတွက် ကင်ညာသမ္မတ ဝီလျံရူတိုအပါအဝင် နိုင်ငံတကာမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၆ ရက်) နံနက်ပိုင်းတွင် ဂါနာနိုင်ငံ၏ မြို့တော်အက္ကရာမှ စတင်ထွက်ခွာလာသော Z9 စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်သည် တောင်ပိုင်း အရှန်တီဒေသရှိ အိုဘွာဆိုင်သို့ ဦးတည်နေစဉ် အဒန်ဆီ အက္ကရော့ဖွမ်အနီးရှိ ဆီကာမာနေရာအနီးတွင် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် အကြီးတန်းအစိုးရအရာရှိ ၅ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦး ပါဝင်ခဲ့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ မည်သူမျှ အသက်မရှင်ခဲ့ပေ။ သေဆုံးသူများတွင် ကာကွယ်ရေးဝန်ကြီး Edward Omane Boamah နှင့် သဘာဝပတ်ဝန်းကျင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး Ibrahim Murtala Muhammed တို့ ပါဝင်သည်။
ထို့အပြင် ယခင်စိုက်ပျိုးရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးညှိနှိုင်းရေးမှူးဟောင်း Alhaji Mohammad Muniru Limuna အပြင် အာဏာရ National Democratic Congress (NDC) ၏ ဒုတိယဥက္ကဋ္ဌ Samuel Sarpong တို့လည်း ပါဝင်ခဲ့သည်။
သေဆုံးခဲ့သည့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများမှာ လေတပ်မှ ပျံသန်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူး Peter Baafemi Anala၊ လေယာဉ်မှူး Flying Officer Manaen Twum Ampadu နှင့် လေယာဉ်မှူးအကူ Sergeant Ernest Addo Mensah တို့ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဂါနာ၏ Chief of Staff ဖြစ်သူ Julius Debrah က သေဆုံးမှုများကို အတည်ပြုခဲ့ပြီး အစိုးရ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့သည်။ ဂါနာသမ္မတ Mahama ကလည်း ပျက်ကျမှု၏အကြောင်းရင်းကို ချက်ချင်းစုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဂါနာလက်နက်ကိုင်တပ်ဖွဲ့များက ထိုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းမှုများ စတင်နေပြီဖြစ်ကြောင်း ပြည်သူများကို အာမခံခဲ့သည်။
တစ်ချိန်တည်းတွင် အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ Mahamoud Youssouf ကလည်း သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ဂါနာပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဒီကြီးမားတဲ့ ဆုံးရှုံးမှုကို ဝမ်းနည်းပူဆွေးနေတဲ့ ဂါနာနဲ့ အာဖရိကသမဂ္ဂက အပြည့်အဝ စည်းလုံးညီညွတ်စွာ ရပ်တည်ပါတယ်။ ထွက်ခွာသွားသူတွေရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” ဟု ၎င်းက ပြောသည်။
နိုင်ငံတော်သည် ထိုထိတ်လန့်မှုမှ ပြန်လည်နာလန်ထူလာသည်နှင့်အမျှ တိုက်ကြီးတစ်လွှားမှ ခေါင်းဆောင်များ၏ ထောက်ခံအားပေးမှုသဝဏ်လွှာများ ဆက်လက်ရောက်ရှိလာခဲ့ပြီး များစွာသောသူတို့က ဤဖြစ်ရပ်ဆိုးသည် ဂါနာအတွက်သာမက အာဖရိကတစ်ခုလုံးအတွက်ပါ ထိခိုက်နစ်နာမှုဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။
အာဖရိကတစ်လွှားမှ ခေါင်းဆောင်များစွာသည် အကြီးတန်းနိုင်ငံတော်အရာရှိများ၏ အသက်ကို နုတ်ယူသွားခဲ့သည့် ကြေကွဲဖွယ်ပျက်ကျမှုကြောင့် ဂါနာပြည်သူများကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။
နိုင်ဂျီးရီးယားသမ္မတ Bola Ahmed Tinubu ကလည်း ထိုပျက်ကျမှုတွင် ချစ်ရသူများကို ဆုံးရှုံးခဲ့ရသော မိသားစုများအတွက် ငြိမ်းချမ်းမှုနှင့် ခွန်အားများရရှိစေရန် ဆုတောင်းပေးခဲ့သည်။

ထို့အတူ ကင်ညာသမ္မတ ဝီလျံရူတိုသည် ၎င်း၏တရားဝင် Facebook စာမျက်နှာတွင် ဂါနာသမ္မတ ဂျွန် မာဟာမာ၊ အစိုးရနှင့် အသက်ဆုံးရှုံးခဲ့ရသည့် မိသားစုများအား လေယာဉ်ပျက်ကျမှုဖြစ်ရပ်အတွက် ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သလို ထိုဖြစ်ရပ်ကို ကြီးမားသည့်ဆုံးရှုံးမှုအဖြစ် ဖော်ပြခဲ့ပြီး အမျိုးသားရေးဝမ်းနည်းပူဆွေးမှု ကာလအတွင်း ကင်ညာနိုင်ငံအနေဖြင့် ဂါနာနှင့်အတူ ရပ်တည်ကြောင်း အာမခံခဲ့သည်။
“ဝန်ကြီးနှစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့တဲ့ ကြေကွဲဖွယ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မာဟာမာ၊ အစိုးရ၊ ဂါနာပြည်သူလူထုနဲ့ ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုတွေကို ကျွန်တော်တို့ ဝမ်းနည်းကြောင်း ပြောကြားပါတယ်” ဟု ရူတိုက ရေးသားခဲ့သည်။
ကွယ်လွန်သွားသည့် နိုင်ငံတော်ခေါင်းဆောင်များ၏ နာရေးကို ဩဂုတ် ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်သလို ကြာသပတေးနေ့မှစတင်ကာ သုံးရက်တာကာလကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားသည်။
Ref , Tuko & BBC
