◾ ကင်ညာအလယ်ပိုင်းမှာလည်း ရထားနဲ့ ဘတ်စ်ကားတိုက်မိလို့ အနည်းဆုံး လူလေးဦးသေဆုံး
၈.၈.၂၀၂၅
Translated by Htwe Ko Tun
အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာအထောက်အပံ့တွေပေးဖို့ တည်ထောင်ထားတဲ့အဖွဲ့ တစ်ဖွဲ့ပိုင် လေယာဉ်ငယ်တစ်စီးဟာ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက မြို့တော် နိုင်ရိုဘီအတွင်း ပျက်ကျခဲ့ရာမှာ လူခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံအရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
Charity Amref Flying Doctors အဖွဲ့ပိုင်တဲ့ ဆက်စ်နာလေယာဉ်ငယ်ဟာ ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းမှာ ဝီလ်ဆင်လေဆိပ်က ပျံတက်ပြီး ဆိုမာလီယားနိုင်ငံ၊ ဟာဂေးဆာမြို့ကို သွားနေတုံးမှာ နိုင်ရိုဘီမြို့ရဲ့ ဂီတူရွိုင် လူနေရပ်ကွက်ကအဆောက်အအုံတစ်ခုပေါ် ပျက်ကျပေါက်ကွဲခဲ့တာပါ။
လေယာဉ်ပျက်ကျတာမှာ လေယာဉ်မှူး၊ ဆရာဝန်နဲ့ သူနာပြုတွေအပါအဝင် လေယာဉ်ပေါ် ပါသူလေးဦး သေဆုံးခဲ့ရပြီး မြေပြင်မှလူနှစ်ဦးလည်း သေဆုံးခဲ့ကာ နှစ်ဦးမှာတော့ ပြင်းထန်စွာဒဏ်ရာရခဲ့ကြပါတယ်။
လေယာဉ်က ပျံတက်ပြီး သုံးမိနစ်အကြာမှာပဲ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ ရေဒီယိုရော ရေဒါအဆက်အသွယ်ပါ ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ်ပျက်ကျတဲ့အကြောင်းရင်းကိုစုံစမ်းနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့သိရပါတယ်။
Charity Amref အဖွဲ့ကလည်း သူတို့အနေနဲ့ လေကြောင်းပျံသန်းရေးအာဏာပိုင်တွေနဲ့ အရေးပေါ်အဖွဲ့ တွေအပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောခဲ့ပါတယ်။
မျက်မြင်တွေ့ခဲ့ရသူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာ ကုမ်ဘိုက သူနဲ့ သူငယ်ချင်းတွေဟာ ဂီတူရွိုင်လူနေရပ်ကွက်ကို ကားတစ်စီးနဲ့ သွားနေကြတုံး ကျယ်လောင်လှတဲ့ပေါက်ကွဲသံကြီးကြားလိုက်ရပြီး အနီရောင်မီးတန်းတစ်ခုကို သူတို့ရှေ့မှာတွေ့ခဲ့တယ်၊ ဒီနောက်မှာတော့ မီးခိုးလုံးတွေလည်း တက်လာတော့ ဒါလေယာဉ်တစ်စင်းပျက်ကျတာဖြစ်မယ်လို့ ကျွန်မတို့ သတိထားခဲ့မိတယ်လို့ ပြောခဲ့ကြပါတယ်။
ဩဂုတ်လ ၇ ရက်မှာပဲ အခြားဖြစ်ရပ်တစ်ခုမှာလည်း ရထားတစ်စီးနဲ့ ဘတ်စ်ကားတစ်စီးတို့ နိုင်ငံအလယ်ပိုင်း နေဗားရှားမြို့အနီးမှာ တိုက်မိခဲ့ရာ အနည်းဆုံး လူလေးဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Ref- BBC



