၇. ၈. ၂၀၂၅
Written by Thandar
ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်းပတဲ့ 2025 PUBG MOBILE WORLD CUP (PMWC 2025)ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို Yangon Galacticos အသင်းက ယူဆောင်လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယနေ့ ဩဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်က ပြန်လည်ရောက်ရှိခဲ့ရာမှာ အများပြည်သူနဲ့ တာဝန်ရှိသူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု E Sports အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos အသင်းကို နိုင်ငံ့ဂုဏ်ဆောင် Esports အားကစားသမားတွေ၊ Esports ကမ္ဘာ့ဖလားကြီးအား ကြိုဆိုပွဲအခမ်းအနားအနေနဲ့ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်က ကြီးမှူးပြီး အားကစားကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အားလုံးပါဝင်ဆင်နွှဲနိုင်ဖို့အတွက် YMBA အသင်းကြီးနဲ့ အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေကို ဂုဏ်ပြုကြောင်းတွေကို ဌာနအသီးသီးတွေက ကြိုဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့နိုင်ငံအတွက်ရော နောက်ထပ်ပြိုင်မယ့်ကလေးတွေ၊ မျိုးဆက်သစ်တွေအတွက်ရောပါ လမ်းကြောင်းကို ဖောက်ပေးခဲ့တာပေါ့။ ဒီအတွက်လည်း E-Sports လောကကို မိဘတွေရော အကုန်လုံး အမြင်ကျယ်စွာအားပေးနိုင်ပါပြီ။ ဆုကြေးအနေနဲ့ကတော့ စုစုပေါင်း ဒေါ်လာ ၅၄၇၀၀၀ ဆွတ်ခူးနိုင်ခဲ့ပါတယ်”လို့ မြန်မာ့နိုင်ငံဂုဏ်ဆောင် Yangon Galacticos အသင်းကပြောပါတယ်။
အဆိုပါ PMWC 2025 ပြိုင်ပွဲမှာတော့ Yangon Galacticos PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကမ္ဘာ့ဖလားကြီးကို PUBGM World Cup 2025 ပြိုင်ပွဲကြီးမှာ ရယူနိုင်ခဲ့တဲ့မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG အသင်းကို တစ်ခမ်းတစ်နား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ ညနေ ၄ နာရီအချိန်၊ ပြည်သူ့ရင်ပြင်မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါ့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကမ္ဘာ့ဖလားနဲ့အတူ ကစားသမားတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ခြင်း စတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။
ကမ္ဘာ့ချန်ပီယံ Yangon Galacticos အပါအဝင် ကမ္ဘာလုံးဆိုင်ရာ PUBG အသင်း ၂၄ သင်းက ဆော်ဒီအာရေဗျနိုင်ငံမှာ ဇူလိုင် ၂၅ ရက်က စတင်ယှဥ်ပြိုင်ခဲ့ကြပြီး ဩဂုတ် ၁ ရက်ကနေ ၃ ရက်အထိ အသင်း ၁၆ သင်း သုံးရက်ကြာ ဗိုလ်လုရတဲ့ Grand Final ပြိုင်ပွဲမှာ Yangon Galacticos အသင်းဟာ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့လို ကမ္ဘာ့အဆင့် ၁ ချန်ပီယံဆုနေရာကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာကြောင့် 2025 PUBG MOBILE WORLD CUP (PMWC 2025) ကမ္ဘာ့ချန်ပီယံအဖြစ် ဒေါ်လာ ၅၄၇၀၀၀ တိတိ ဆွတ်ခူးနိုင်ခဲ့တယ်လို့လည်း Liquipedia က ဖော်ပြထားပါတယ်။
PMWC 2025 ပြိုင်ပွဲကြီးမှာ ပွဲစဥ်တစ်လျှောက် ဆုကြေးက ဒေါ်လာ ၃,၀၀၅,၀၀၀ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲကြီး ဒုတိယဆုကို တရုတ် Weibo Gaming Esports အသင်းက ဆွတ်ခူးကာ ဆုကြေး ဒေါ်လာ ၃၂၃၅၀၀ ဆွတ်ခူးသွားသလို တတိယနေရာကိုတော့ မွန်ဂိုလီးယားက Alpha Gaming က ရရှိသွားကာ ဒေါ်လာ ၂၂၂၀၀၀ ဆွတ်ခူးခဲ့တယ်လို Liquipedia က ဖော်ပြထားတာ တွေ့ရှိရပါတယ်။
#ကမ္ဘာ့ဖလားကြီး #PUBGGame #2025PUBGMOBILEWORLDCUP #PMWC2025
#နိုင်ငံ့ဂုဏ်ဆောင်Esports













