
MT News
၇. ၈. ၂၀၂၅
စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို လွှင့်တင်ထားသည့် AWS+ နှင့် cmapp.tv တို့ကို လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး ၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့် အမှတ် (၃၂/၂ဝ၂၄) ကို ၁၃-၃-၂ဝ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ် ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄) အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ ဦးစွာတင်ပြ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။
သို့ရာတွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူ ထားသော AWS+ နှင့် cmapp.tv (Channel Myanmar App) တို့သည် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသော ရုပ်ရှင်ဇာတ်ကားများကို ၎င်းတို့၏အက်ပလီကေးရှင်းများတွင် လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိရသည်။
ထို့အတွက် AWS+ နှင့် cmapp.tv တို့ကို စည်းမျဉ်းစည်းကမ်းများ မလိုက်နာသဖြင့် ၎င်းတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူပြီးသူများအနေဖြင့် မိမိတို့လွှင့်တင်သည့် Content များကို စိစစ်ရေးအဖွဲ့ထံ တင်ပြနိုင်ရေးနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသောသူများအနေဖြင့်လည်း ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
