
၇.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ပ်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ရရှိဖို့ ကြားဝင်စေ့စပ်ညှိနှိုင်းသူအနေနဲ့ ကြိုးပမ်းနေရာမှာ သူ့အနေနဲ့ ရုရှားသမ္မတပူတင်နဲ့ရော ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့နဲ့ပါ တွေ့ဆုံဆွေးနွေးဖို့အလွန်ကောင်းမွန်တဲ့အခွင့်အရေးတစ်ရပ်ရှိတယ်လို့ သြဂုတ်လ ၆ ရက်ကအိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ထရမ့်ပ်က သတင်းထောက်တွေကို သူ့အနေနဲ့ ရုရှားခေါင်းဆောင်၊ ယူကရိန်းခေါင်းဆောင်တွေနဲ့ သိပ်မကြာခင်မှာ တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
ထရမ့်ပ်က ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် ဆွေးနွေးပွဲကို ဘယ်မှာကျင်းပမယ်လို့ မဆုံးဖြတ်ရသေးပေမယ့် အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ခ်အော့ဖ်နဲ့ ရုရှားသမ္မတပူတင်တို့ မော်စကိုမှာ သြဂုတ်လ ၆ ရက်က အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းပြောကြားမှုတွေလုပ်နိုင်ခဲ့အပြီး ဒီဆွေးနွေးပွဲကလည်း အလားအလာကောင်းမွန်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
သူက ပူတင်နဲ့ ဇယ်လန်စကီးတို့နဲ့ ဆွေးနွေးပွဲကို ခေါင်းဆောင်တစ်ဦးစီနဲ့ သီးခြားစီဆွေးနွေးမှာလား၊ ဒါမှမဟုတ် အတူတူတွေ့ဆုံဆွေးနွေးကြမလားဆိုတာအပါအဝင် ဘယ်လိုကျင်းပသွားမလဲဆိုတာကိုတော့ အကျယ်ချဲ့မပြောခဲ့ပါဘူး။ သူက ရုရှားဘက်ကဆွေးနွေးပွဲအတွင်း လိုက်လျောမှုတွေရော လုပ်နိုင်မလားဆိုတာလည်း သုံးသပ်မှုမပြုခဲ့ပါဘူး။ ထရမ့်ပ်က “ဒီဆွေးနွေးပွဲကို အခက်အခဲအခြေအနေကို ထိုးဖောက်ကျော်လွှားနိုင်မှုတစ်ရပ်အနေနဲ့တော့ ကျွန်တော်မပြောပါဘူး။ ဒီအတွက် ကျွန်တော်တို့ အကြာကြီးဆောင်ရွက်ခဲ့ရတယ်လို့တော့ ပြောပါရစေ” လို့ ဆိုခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ဒါမှမဟုတ် အမေရိကန်ရဲ့ အရေးယူမှုတွေနဲ့ ကြုံရမယ်လို့ ထရမ့်ပ်က ရုရှားသမ္မတပူတင်ကိုနောက်ဆုံးရက်သတ်မှတ်ထားခဲ့မှု မတိုင်ခင် နှစ်ရက်အလိုမှာပဲ ပူတင်နဲ့ ဝစ်ခ်အော့ဖ်တို့ကလည်း မော်စကိုမှာတွေ့ဆုံခဲ့ကြတာပါ။
ယူကရိန်းသမ္မတရုံးကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားမှုမရှိသေးပါဘူး။ ဒါပေမယ့် ဇယ်လန်စကီးနဲ့နီးစပ်သူနှစ်ဦးကလည်း ယူကရိန်းသမ္မတအနေနဲ့ ထရမ့်ပ်နဲ့ ပူတင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့ ပြောခဲ့တယ်လို့ ဆိုကြပါတယ်။ ဇယ်လန်စကီးက ထရမ့်ပ်ရဲ့ ယူကရိန်းစစ်ပွဲကို ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် သမ္မတထရမ့်ပ်ရဲ့ အဆိုပြုချက်ကို မတ်လကတည်းက သဘောတူခဲ့တာပါ။
ဇယ်လန်စကီးက ပူတင်နဲ့ ဝစ်ခ်အော့ဖ်တို့ရဲ့ မော်စကိုမှာတွေ့ဆုံပွဲအပြီး ထရမ့်ပ်နဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့ ကြေညာချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ သူက ထရမ့်ပ်နဲ့ မော်စကိုတွေ့ဆုံပွဲမှာပြောတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပေမယ့် အသေးစိတ်တော့ မပြောကြားပါဘူး။
ယူကရိန်းနိုင်ငံရေးအကဲဖြတ်တစ်ဦးဖြစ်တဲ့ ဗိုလိုဒီမာ ဖီဆန်ကိုက ရုရှားသမ္မတပူတင်အနေနဲ့ ထိပ်တိုက် တွေ့ဆုံရမှုကို ရှောင်ရှားနိုင်ဖို့ ထရမ့်ပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။
သူက “ပူတင်အနေနဲ့ တွေ့ဆုံညှိနှိုင်းရေးလမ်းစကို အမေရိကန်သမ္မတနဲ့ ဆက်သွယ်မှုတွေပြုပြီး ပြုလုပ်ချင်ပုံရတယ်။ ပူတင်အတွက် ထရမ့်ပ်ရဲ့ ခြိမ်းခြောက်ရာဇသံပေးမှုကြောင့် လိုက်လျောရတယ်ဆိုတာကလည်း သိပ်လက်ခံနိုင်ဖွယ်ရှိလိမ့်မှာ မဟုတ်ဘူး။ ဒါက သူ့ဘက်က အားနည်း ရှုံးနိမ့်ရမှုကို ပြသသလို ဖြစ်နေလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။
Ref- Financial Times
