၇. ၈. ၂၀၂၅
Written by Nyein Kyaw
ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) ၌ ကွယ်လွန်သွားရှာပြီဖြစ်ကြောင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့တို့မှလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) ၌ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါကြောင်း ထုတ်ပြန်ထားကြသည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ပါသည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း ဩဂုတ်လ ၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းလည်းဖြစ်သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ရသည်။ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson’s Disease)၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ရသည်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ရသည်။ သို့သော် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ရပြီး တစ်နှစ်ကျော်အကြာ ယနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။




