
MT News
၇. ၈. ၂၀၂၅
ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင်(၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် Zeya & Associates Co.Ltd မှ Executive Director က စီမံကိန်းမြေနေရာနှင့် စီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်မည့်ပုံစံ၊ System Configuration ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ မြေငှားစာချုပ်နှင့်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုမည့်ပုံစံတို့ကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများအလိုက် လိုအပ်သည့်ခွင့်ပြုမိန့်များရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားပေးစက်ရုံ စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာသန်း (၇၀) ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းနှင့် Letter of Acceptance လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၅၅၀)အတွင်း စတင်လည်ပတ်နိုင် မည်ဖြစ်ကာ အဆိုပြုစီမံကိန်းကာလ မှာ ၂၀ နှစ် + ၅ နှစ်+ ၅ နှစ်ဖြစ်ကြောင်း သိရသည်။
