
၆. ၈. ၂၀၂၅
Written by Phyo Wei
မြန်မာနိုင်ငံကိုယ်စားပြု E Sports အသင်းတစ်သင်းဖြစ်တဲ့ Yangon Galacticos အသင်းဟာ 2025 PUBG MOBILE WORLD CUP (PMWC 2025) ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ဖလားအဖြစ် ဩဂုတ် ၃ ရက်မှာ ဆွတ်ခူး ရယူနိုင်ခဲ့တာကို ဒီတစ်ပတ်မှာ တွေ့ရလို့ ပျက်စီးပြိုလဲနေတဲ့ နိုင်ငံအဖို့ အခိုက်အတန့် နှစ်သိမ့်ကျေနပ်စရာကို ဒီတစ်ပတ်မှာ တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင် မိုးဗြဲ၊ နောင်ချိုနဲ့ သပိတ်ကျင်းကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ရက် ၂၀ မပြည့်ခင် သုံးမြို့ဆက်တိုက် ပြန်သိမ်းခဲ့တဲ့ တပ်မတော်ဟာ KIA နဲ့ KPDF တွေ ထိန်းချုပ်ဆက်ကြေးကောက်နေတဲ့ ဖားကန့် – ကာမိုင်းလမ်းပိုင်းကို ရှင်းလင်းလိုက်နိုင်ပြီး ဖားကန့်ကို အရင်လို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ တွေ့ခဲ့သလို ဒီလထဲ တရုတ်ရဲ့ ညှိနှိုင်းပေးမှုအရ တွေ့ဆုံဆွေးနွေးပွဲမှာလည်း အရင်တစ်ခေါက်လိုပဲ သိမ်းထားမြို့တွေက နောက်ဆုတ်မပေးဘဲ တိုက်ယူဖို့ TNLA က စစ်ကို စိန်ခေါ်ပြန်တဲ့စကား ထပ်ပြောလာတာလည်း တွေ့ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း မန္တလေး PDF ထိန်းချုပ်လည်ပတ်နေတဲ့ လက်ပံလှကျေးရွာရဲစခန်းဟောင်းကို လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ၂၂ ဦးသေဆုံးတယ်လို့ MDY PDF အတည်ပြုလာတာ၊ TNLA ထွက်ပြေးပြီးနောက် ကျောင်းများစွာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တဲ့ နောင်ချိုမြို့မှာ TNLA ရဲ့ ဖျက်ဆီးမှုကြောင့် တစ်နှစ်ကျော် ပညာရေးပြတ်တောက်နေတဲ့ ကလေးငယ် ၄၀၀၀ ကျော် ပညာပြန်လည်သင်ကြားနိုင်လာတာ၊ ပြီးခဲ့တဲ့ နှစ်နစ်ကျော်ကတည်းက ကျန်းမာရေးမကောင်းမွန်မှုကြောင့် ဆေးခွင့်နဲ့ အနားယူနေရတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ သက်သာလာမှုမရှိဘဲ အခြေအနေ ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ ထုတ်ပြန်လာတာတွေအပြင် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းပေးခြင်း ပြုလုပ်ရင် သေဒဏ်ချမှတ်နိုင်တဲ့ “စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ” ပြဋ္ဌာန်းလာတဲ့ဖြစ်ရပ်တွေ ရှိပေမယ့် ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် ဘင်္ဂါလီ ၆၀၀ ကျော်ကို အစုလိုက် အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်လိုက်လိုက်တဲ့ AA အကြောင်း၊ KNU နဲ့ PDF ဆီ လက်နက်ပို့တဲ့ TigerArm ကို ထိုင်းအစိုးရဖမ်းဆီးလိုက်တဲ့အကြောင်းနဲ့ အခုလာမယ့် ဒီဇင်ဘာ တတိယအပတ်ထဲမှာ စတင်လုပ်ဆောင်မယ့် ရွေးကောက်ပွဲအတွက် အစိုးရအပြောင်းအလဲဖြစ်ပေါ်လာတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ဘင်္ဂါလီ ၆၀၀ ကျော်ကို အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်လိုက်လိုက်တဲ့ AA
လူ့အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ဟာ အစွန်းရောက်ရခိုင် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရခိုက်လက်နက်ကိုင် AA အဖွဲ့က ရခိုင်ပြည်နယ်မှာ ထိန်းချုပ်ထားတဲ့ဒေသတွေက ယာယီထိန်းသိမ်းရေးစခန်းတွေနဲ့ ကျေးရွာတွေမှာ ဘင်္ဂါလီအရပ်သားတွေအပေါ် စစ်ဥပဒေတွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ တွေ့ရှိရကြောင်းနဲ့ AA က ဘင်္ဂါလီအရပ်သားတွေကို ပြန်ပေးဆွဲ၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုနဲ့ ခေါင်းဖြတ်သတ်ဖြတ်မှု အပါအဝင် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောလာအပြီးမှာပဲ Human Right Watch(HRW) ကလည်း AA ဟာ ဘင်္ဂါလီတွေကို အကြီးအကျယ်ဖိနှိပ်နေပြီး သွားလာခွင့် ကန့်သတ်တာ၊ လုယက်တာ၊ ဆက်ကြေးတောင်းတာအပြင် အဓမ္မစစ်မှုထမ်းခြင်း စတဲ့ ဆိုးရွားစွာဆက်ဆံမှုတွေ ကျူးလွန်နေတာတွေ ထပ်မံဖွင့်ချလိုက်ပြန်ပါတယ်။ HRW ပြောကြားချက်မှာဆို AA နဲ့ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေဟာ မှောင်ခိုကွန်ရက်တွေနဲ့ ပူးပေါင်းပြီး ဘင်္ဂါလီတွေ လူကုန်ကူး အကျိုးအမြတ်ရှာနေသလို ဘင်္ဂါလီတစ်ဦး ၈၀၀,၀၀၀ ကျပ်ကနေ ကျပ် ၁၂ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၃၈၀ – ၅၉၅) ကြား အကျိုးအမြတ်ရှာနေတယ်လို့လည်း ထပ်လောင်းပြောလာပြန်ပါတယ်။
Fortify Rights နဲ့ HRW အပြင် Al Jazeera သတင်းဌာနကလည်း AA ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဘင်္ဂါလီငါးဖမ်းသမားတွေကို ပြန်ပေးဆွဲနေတယ်လို့လည်း ထပ်မံဖော်ထုတ်လာတာလည်း တွေ့ရသလို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာ (ဟိုယာစီးရီးရွာ) က ဘင်္ဂါလီအရပ်သား ၆၀၀ ကျော်ကို ရခိုင်လက်နက်ကိုင် AA က သတ်ဖြတ်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ဘင်္ဂါလီအရေးလှုပ်ရှားသူ မောင်ထွန်းခင်တို့ဦးဆောင်တဲ့ ARNC က ဒီတစ်ပတ်မှာ ထုတ်ပြန်လာပါသေးတယ်။
စစ်ဖြစ်နေတဲ့ကာလမှာ AA ဟာ ရခိုင်နဲ့ချင်းပြည်နယ်မှာ ဆက်ကြေးကောက်၊ မုဒိမ်းကျင့်၊ အဓမ္မစစ်သားစု၊ ဘင်္ဂါလီတွေနေထိုင်တဲ့ ရွာတွေ မြို့တွေ ထိုင်ဖျက်နေပေမဲ့ ဒီလို သူတို့လုပ်တဲ့ လုပ်ရပ်တွေကို တပ်မတော်အပေါ် အကုန်လွှဲချခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ်ဟာ ဖုံးကွယ်လို့ရတဲ့ခေတ်မဟုတ်ဘဲ လိမ်လည်ထားသမျှ ဖော်ထုတ်နိုင်တဲ့ ဖုန်းတွေ၊ အင်တာနက်တွေ အချိန်နဲ့တစ်ပြေးညီ သတင်းပို့နိုင်တဲ့ ဆက်သွယ်ရေးကိရိယာတွေ လူတိုင်းကိုင်လာနိုင်တာကြောင့် ရခိုင်လက်နက်ကိုင် AA ရဲ့ စစ်ရာဇဝတ်မှုတွေဟာ ဘယ်လိုပဲ တပ်မတော်အပေါ် လွှဲချလွှဲချ ရေရှည်ဖုံးကွယ်လို့မရခဲ့ပါဘူး။ ဒါ့အပြင် ကိုယ့်ဘက်က ခံရရင် အင်နဲ့အားနဲ့ ဖော်ထုတ်ပြတတ်တဲ့ ဘင်္ဂါလီတွေအပေါ် ကျူးလွန်တာဖြစ်လို့ ဒီလို AA ရဲ့ စစ်ရာဇဝတ်မှုတွေ ဘူးပေါ်သလို ပေါ်လာပြီး ကမ္ဘာ့အလယ်မှာ စစ်ရာဇဝတ်ကောင် AA အဖြစ် မဖုံးနိုင် မဖိနိုင် အပုပ်နံ့တထောင်းထောင်းဖြစ်လာခဲ့တာပါ။ ဒါတောင် AA ဟာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတာလို့ သူ့ထောက်ခံတဲ့ မီဒီယာတွေနဲ့ ဝါဒဖြန့်ထားနိုင်ဆဲမို့လို့ ဘင်္ဂါလီတွေအပေါ် AA ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေဟာ အနည်းငယ်ပဲ ဖော်ထုတ်ခံရသေးတဲ့အခြေအနေပါ။ မကြာခင်လအနည်းငယ်အတွင်းမှာ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာတာနဲ့အမျှ AA ရဲ့ စစ်ရာဇဝတ်မှုတွေ၊ မူးယစ်မှောင်ခိုမှုတွေ၊ လူသတ်မုဒိမ်းမှုတွေ၊ AA ထိန်းချုပ်ခံရခိုင်မြို့ကလူတွေ အငတ်ဘေးဆိုက်နေတာတွေ ပိုဖော်ထုတ်ခံရမယ့် အခြေအနေကိုလည်း သေချာပေါက်မြင်ရတော့မှာပါ။ ပိုသေချာတာကတော့ ဒီလို စစ်ရာဇဝတ်မှုတွေ၊ မူးယစ်ကုန်ကူးမှုတွေလုပ်နေတဲ့ AA ကို ရခိုင်ဘုရင့်နိုင်ငံတော် ပြန်ထူထောင်နိုင်မှာထင်ပြီး မျက်စိမှိတ်ထောက်ခံနေတဲ့ ရခိုင်ပြည်သူတွေဟာ AA ဘက်စုံချွတ်ချုံကျလာတဲ့ ဖိအားတွေအောက် ဆက်ကြေးတွေ၊ အငတ်ဘေးတွေကို လာမယ့်လအနည်းငယ်မှာ ပိုမိုရင်ဆိုင်လာရတော့မှာလည်း အသေအချာပါ။
◾ KNU နဲ့ PDF ဆီ လက်နက်ပို့တဲ့ TigerArm ကို ထိုင်းအစိုးရဖမ်းဆီးမှု
KNU နဲ့ PDF အတွက် နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခို သယ်ဆောင်နေတဲ့ TigerArms ကုမ္ပဏီကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို သိရပြီး ဒီ လက်နက်တွေကို ချင်းမိုင်ခရိုင်၊ မဲ့တဲန်နယ်စပ်၊ မဲ့ဟောင်ဆောင်နယ်စပ်နဲ့ တက်ခ်ခရိုင်၊ မဲဆောက် နယ်စပ်ကနေ မြန်မာနိုင်ငံကို သယ်ဆောင်နေခဲ့တာဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ဖမ်းဆီးထားတဲ့အထဲမှာ TigerArms ကုမ္ပဏီက ခေါင်းဆောင်တချို့ပါဝင်တယ် ဆိုပေမယ့် ဘယ်သူ ဘယ်ဝါဖြစ်တယ် ဘယ်နှစ်ဦးကိုဖမ်းဆီးထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ ဖမ်းမိတဲ့အထဲ လက်နက်ငယ် M4A1 ကာဘိုင်အများအပြားနဲ့ 79 မမ ဗုံးသီးထည့်ပစ်ရတဲ့ M203 ပြောင်းတွေအပါအဝင် အနောက်တိုင်း စစ်သုံးနားကြပ်တွေ၊ စစ်ဦးထုပ်၊ ကင်မရာ၊ အပူပိုင်းပုံရိပ်ဖော်ဒရုန်းနဲ့ကျည်ဆံ၊ ခဲယမ်းမီးကျောက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဒီလက်နက်တွေကို မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ PDF နဲ့ KNU တို့ကို အများဆုံးပေးပို့ခဲ့တာဖြစ်တယ်လို့ TigerArms ကုမ္ပဏီကနေ အဖမ်းခံရတဲ့ သူတွေက ထွက်ဆိုကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ်ကစပြီး တရားမဝင်လက်နက်မှောင်ခိုမှုတွေကို အကြိမ်များစွာ သယ်ယူခဲ့ပြီးဖြစ်ကြောင်း အဖမ်းခံရသူတွေက ဝန်ခံထွက်ဆိုခဲ့သလို အခုဖမ်းဆီးရမိတဲ့လက်နက်တွေဟာ အမေရိကန်က ထုတ်လုပ်တဲ့ လက်နက်တွေဖြစ်ကြောင်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒါ့အပြင် TigerArms လို လက်နက်ကုမ္ပဏီတွေဟာ အမေရိကန် စီအိုင်ေ နဲ့ အစ္စရေးရဲ့ မော့ဆက်တို့က ထိန်းချုပ်ထားတဲ့ ရှုပ်ထွေးမှု နောက်ခံရှိကြောင်း လျှို့ဝှက်အစီရင်ခံစာတွေက ဖော်ပြကြပြီး အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော် လက်နက်ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေကြောင်း သိရှိရတယ်လို့လည်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခမှာ KNU နဲ့ PDF တွေ NUG ကလူတွေ၊ ထောက်ပို့တွေကို သူ့နိုင်ငံထဲမှာ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားခွင့်ပြု၊ လက်နက်၊ ငွေကြေးစီးဆင်းမှုနဲ့ ဆက်နွှယ် မူးယစ်မှုတွေကို အရင်က လွှတ်ထားခဲ့ပေမဲ့ ဒီလုပ်ရပ်တွေဟာ သူ့နိုင်ငံအတွက်ပါ အန္တရာယ်ဖြစ်လာချိန်မှာတော့ အာရုံစိုက်ဖမ်းဆီးလာတာကို အခုနောက်ပိုင်း တွေ့ရပါတယ်။ ပိုသိသာတာက ကမ္ဘောဒီးယားနဲ့ စစ်ဖြစ်ချိန်မှာ ကမ္ဘောဒီးယားပိုင်နက်ကို ထိုင်းလိုချင်နေတာ မြင်သာခဲ့သလို ကမ္ဘောဒီးယားနိုင်ငံသားတွေကို ထိုင်းနိုင်ငံသားတွေ လိုက်လံတိုက်ခိုက်ချိန်မှာတော့ ကမ္ဘောဒီးယားနိုင်ငံသားတွေဘက်က လက်နက်ကိုင်တုံ့ပြန်လာမှာကိုလည်း အစိုးရိမ်လွန်တဲ့ပုံစံနဲ့ KNU နဲ့ PDF တွေ NUG ကလူတွေ၊ ထောက်ပို့တွေကို ကြပ်မတ်လာတဲ့ပုံစံလည်း မြင်ရပါသေးတယ်။ ဒါပေမဲ့လည်း လက်ရှိလုပ်နေတာတွေက ဟန်ပြသဘောမျိုးသာဖြစ်ပြီး KNU နဲ့ PDF တွေ၊ NUG ကလူတွေနဲ့ ဒွေးရောယှက်တင် လက်နက်ကိုင်ပြီး ထောက်ပို့လုပ်နေတဲ့ AAC ရဲမင်းနဲ့ သူ့ဇနီးဟာ ထိုင်းနိုင်ငံမှာတင် ပေါ်တင် တရားမဝင်ငွေလွှဲ စီးပွားရေးလုပ်နေတာတွေကို လက်ခံထားတာမျိုး၊ Exile Media တွေကို ဆက်လက်ခံထားတာမျိုးတွေနဲ့ KNU က ထိုင်းနိုင်ငံသားဖြစ်နေသူ အကြီးပိုင်းအများအပြားကို ဆက်လွှတ်ထားတာလည်း မြင်နေရဆဲမို့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်စဥ်တွေဟာ ထိုင်းနိုငငံဘက်မှာ ဆက်ဖြစ်နေဆဲလို့ ပြောရမှာဖြစ်ပြီး ဒီလိုမျိုးလုပ်ရပ်တွေ တားမြစ်အရေးယူပေးဖို့အတွက် ထိုင်းအစိုးရကို စဥ်ဆက်မပြတ်တောင်းဆိုတာမျိုးတွေ၊ သတိထောက်တာမျိုးတွေ စဥ်ဆက်မပြတ် လုပ်ဆောင်သင့်နေပြီလို့ ယူဆမိပါတယ်။
◾ ရွေးကောက်ပွဲအတွက် အစိုးရအပြောင်းအလဲ
၂၀၂၀ မဲမသမာမှု အရေးကြောင့် NLD အစိုးရဟောင်းကို ဖြုတ်ချပြီး တပ်မတော်က ၂ နှစ် တာဝန်ယူခဲ့ပေမဲ့ နိုင်ငံတစ်ဝန်းလုံးမှာ လက်နက်ကိုင်တွေ ထကြွ၊ မြို့ရွာတွေ သိမ်းယူသောင်းကျန်းကြတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစ ပုံမှန်မဟုတ်တဲ့အခြေအနေအောက်မှာ ၆ လသက်တမ်း ငါးကြိမ် တိုးခဲ့မှုဟာ ဒီ ဇူလိုင်လကုန်မှာတော့ ရပ်သွားခဲ့ပြီဖြစ်ပြီး အခုလကစ လာမယ့် ခြောက်လအတွင်းမှာ ရွေးကောက်ပွဲလုပ်ဆောင်တော့မှာပါ။ ဒီအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကနေပြီးတော့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အသစ် ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးညိုစောတို့က တာဝန်ယူလာကြတာ တွေ့ရပါတယ်။
ဒီတာဝန်ယူမှုတွေကြောင့်ပဲ့ အစိုးရအဖွဲ့ကို ဦးညိုစောက ကွပ်ကဲပြီး ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေချိန်မှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖွဲ့က တပ်မတော်ကိုဦးဆောင်ပြီး အစိုးရကို ထိန်းကျောင်းမှု၊ ရွေးကောက်ပွဲကျင်းပမှုအတွက် နယ်မြေတည်ငြိမ်မှု၊ လက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်ရောက်နေတဲ့မြို့တွေကို ပြန်လည်သိမ်းယူပြီး ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်မှုဆိုတဲ့ အလားအလာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင့် FPTP စနစ်နဲ့ PR ကို ရောထွေးလုပ်ဆောင်မယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေကို တိုက်ခိုက်သတ်ဖြတ်တာ၊ မဲမပေးအောင် လှုံ့ဆော်တာ စတဲ့ လုပ်ရပ်တွေ တားဆီးနိုင်ဖို့အတွက် သေဒဏ်ထောင်ဒဏ်အထိ ပေးနိုင်တဲ့ ဥပဒေပြင်ဆင်မှုတွေ၊ အရင်လွှတ်တော်တွေမှာလို လေးတန်းတောင်မအောင်သူတွေက အမတ်အဖြစ်နဲ့ လွှတ်တော်ထဲ ဘာမှလုပ်မပြနိုင်ဘဲ ငုပ်တုတ်လာထိုင်နေတာမျိုးကို တားဆီးဖို့ အထက်တန်းမပြီးရင် ကိုယ်စားလှယ်ဖြစ်ခွင့်မပေးတာ စတဲ့ ဘက်စုံလုပ်ဆောင်ချက်တွေကိုလည်း မြင်ခဲ့ရပါတယ်။ ဒီလုပ်ရပ်တွေအားလုံးဟာ ကြိုဆိုရမှာဖြစ်ပြီး တစ်လ မြို့ သုံးမြို့ စံချိန်တင် ပြန်သိမ်းရင်တောင် သုံးနှစ်လောက် တပ်မတော်က မြို့သိမ်းတိုက်ပွဲ ပြန် ဆင်နွှဲရမယ့် ဒီနိုင်ငံမှာ တစ်ဖက်က နိုင်ငံရေးအပြောင်းအလဲလုပ်ပြီး ရွေးကောက်ခံအစိုးရတင်မြောက်၊ တစ်ဖက်မှာလည်း မြို့ပြန်သိမ်းလိုက်၊ ကြားဖြတ်ရွေးကောက်ပွဲလုပ်လိုက်၊ စစ်ကို ဆက်မလိုချင်သူတွေပေါ်လာချိန် ငြိမ်းချမ်းရေးစကားဆိုလိုက်နဲ့ ခရီးဆက်ရမှာပါ။ ဒီလို ခရီးဆက်မှလည်း နိုင်ငံနဲ့ ပြည်သူအပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့ကျကုန်မှာဖြစ်သလို စစ်ပွဲလိုချင်နေသူတွေဘက်မှာလည်း ဒီမိုကရေစီနဲ့ ခရီးဆက်နေတဲ့ ရွေးကောက်ပွဲဖြစ်မြောက်သွားတဲ့ဘက်ကို ပြန်အားကျပြီး ရွေးကောက်ပွဲတောင်းဆိုလာကြမှာမျိုး မဖြစ်မနေသွားရတော့မှာပါ။ ဒီလိုမျိုး ရွေးကောက်ပွဲလိုချင်သူတွေအတွက် ရွေးကောက်ပွဲ၊ စစ်ပွဲလိုချင်သူတွေအတွက် စစ်ပွဲ ဆက် ဆင်နွှဲနေမှပဲ တစ်ဖက်ခြမ်းက စစ်ကို လိုချင် ပူလောင်နေသူတွေဟာ တစ်ဖက်ခြမ်းက ဒီမိုကရေစီရဲ့ အသွင်သဏ္ဍာန်ကို မျက်ဝါးထင်ထင်မြင်လာနိုင်ပြီး ငြိမ်းချမ်းရေးကို လိုလားမှုဖြစ်လာပါလိမ့်မယ်။ စစ်ကိုထောက်ခံ လှူတန်းနေသူတွေ ငြိမ်းချမ်းရေးလိုချင်စိတ်ဖြစ်လာလို့ ဆက်မလှူတော့မှ၊ အကျိုးမရှိတဲ့ စစ်ပွဲတွေရပ်ဖို့ သူတို့လှူခဲ့ပြီး သူတို့ပဲ ပြန်ကြောက်နေရတဲ့ လက်နက်ကိုင်တွေကို ဖိအားပေးလာတော့မှ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြန်စလာနိုင်ဖွယ်ရှိလို့ လက်ရှိအချိန်မှာ ရွေးကောက်ပွဲလုပ်ဆောင်ပေးဖို့ အစိုးရအဖွဲ့အပြောင်းအလဲအခြေအနေဟာ ပြောင်းလဲမှုအတိုင်း အောင်မြင်အောင် လုပ်ဆောင်ပေးပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားပါရစေ။
