
၆. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်မှ ဖမောင်းတပ်ဖွဲ့သည် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးကြီးနှစ်ခုကို မကြာသေးမီက ဆောင်ရွက်ခဲ့ပြီး Methamphetamine ဆေးပြား ၄ သန်းနီးပါးနှင့် သံသယရှိသူ ၅ ဦးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မျးတွင် ဩဂုတ်လ ၂ ရက်နေ့က ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်တွင် ဖမောင်း တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်များသည် အန်ခန်စေတီသွားရာလမ်းအနီးတွင် လက်နက်ကိုင် မူးယစ်မှောင်ခိုသမား ၆ ဦးမှ ၈ ဦးအထိကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ မြန်မာနယ်စပ်မြို့ဖြစ်သော ပုံပါကျင်နှင့် မဝေးကွာလှသည့် အန်ခန်စေတီအနီး တွေ့ရသူ လက်နက်ကိုင်များသည် ဖမောင်းတပ်ဖွဲ့၏ ရပ်တန့်ရန်အမိန့်ကို မလိုက်နာဘဲ စတင် ပစ်ခတ်မှုကြောင့် ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း ထိုင်းတပ်ဖွဲ့မှ အရာရှိများ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြဘဲ ကျောပိုးအိတ် ၉ လုံးအတွင်းမှ Methamphetamine ဆေးပြား ၁ ဒသမ ၃၅ သန်း၊ လက်လုပ်သေနတ်များနှင့် မိုဘိုင်းဖုန်းများ၊ တိုက်ပွဲအတွင်း သံသယရှိသူ ၅ ဦး သေဆုံးအလောင်းများကို သိမ်းဆည်းရမိကာ သက်သေခံပစ္စည်းများကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ဖန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

ထို့အတူ ဩဂုတ်လ ၄ ရက်နေ့တွင် ချင်းရိုင်ခရိုင်၊ ချင်းဆန်မြို့နယ်၌ ပူးပေါင်းကင်းလှည့်အဖွဲ့သည် လမ်းဘေးတွင် ချထားသော အိတ် ၁၀ လုံးကို တွေ့ရှိခဲ့ရာ အိတ်တစ်လုံးလျှင် Methamphetamine ဆေးပြား ၂၅၀,၀၀၀ ခန့်စီ ပါရှိပြီး စုစုပေါင်း မူးယစ်ဆေး ၂ ဒသမ ၅ သန်း ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ချင်းဆန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် ဒေသခံအရာရှိများနှင့် တပ်ဖွဲ့မှူးများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ယနေ့အထိ မူးယစ်ဆေးဝါး နှိမ်နင်းမှု စစ်ဆင်ရေး ၃၆၂ ခု ဆင်နွှဲခဲ့ကာ ဖမ်းဆီးရမိသူ ၃၈၂ ဦးရှိခဲ့ကြောင်း၊ လက်နက်ကိုင်တိုက်ပွဲ ၄၉ ကြိမ်ဖြစ်ပွားပြီး သံသယရှိသူ ၃၃ ဦး သေဆုံးခဲ့ကြောင်း၊ သိမ်းဆည်းရမိသည်များမှာ Methamphetamine ဆေးပြား ၁၅၆ သန်း၊ ဟီးရိုးအင်း ၁၄၅ ဒသမ ၈ ကီလိုဂရမ်၊ ICE (Crystal meth) ၈,၁၉၂ ကီလိုဂရမ်၊ ဘိန်း ၉၃ ဒသမ ၅ ကီလိုဂရမ်၊ ကတ်တမင်း ၆၉၆ ကီလိုဂရမ်ဖြစ်ကာ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ၏ ပေါက်စျေးမှာ ဘတ် ၃၂ ဒသမ ၄၇ ဘီလျံကျော် တန်ဖိုးရှိသည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။
Ref, Thai Enquirer
