
၅. ၈ .၂၀၂၅
Written by Phyo Wei
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနဲ့ လာအိုက အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့အမြင့်မားဆုံးသော ကုန်သွယ်စည်းကြပ်ခွန်နှုန်း သတ်မှတ်ခံထားရပြီး
မြန်မာ့ကုန်ပစ္စည်းတွေကို ဒေါ်နယ် ထရမ့်ပ်က ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ ရေးနေပေမဲ့လည်း ထရမ့်ပ်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်အသစ်ဟာ ဩဂုတ် ၇ ရက်မှ စတင်အသက်ဝင်ဖို့နောက်ဆုတ်ထားသလို တပ်ချုပ်က ပို့ပေးထားတဲ့ ကုန်သွယ်ခွန်အပြန်အလှန်လျှော့ချဖို့လည်း မြန်မာအစိုးရက ညှိနှိုင်းဖို့ စိတ်အားတက်ကြွနေဆဲလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာခဲ့တာ တွေ့ရတာကြောင့် ဒီနေ့အထိတော့ ကုန်သွယ်ခွန်က အရှေ့တောင်အာရှမှာအမြင့်ဆုံးဆိုတာ အတည်မဖြစ်သေးတဲ့သဘောပါ။
အခြားတစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း အနည်းငယ်မြင့်တက်ခဲ့တဲ့အပြင် ငလျင်နောက်ပိုင်း ပြန်လည် နာလန်ထမှုကလည်း ဆက်လက်တည်ရှိနေတယ်လို့ ဂျပန်နစ်ကေးရဲ့ လစဥ်စစ်တမ်းက ဖော်ပြခဲ့တာ၊ ရုရှားနိုင်ငံကို သရက်သီးအနှစ်နဲ့ သရက်သီးခြောက်တွေကို လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက် တင်ပို့နိုင်ရေးနဲ့ အရည်အသွေးမြင့်ကော်ဖီတွေ တင်ပို့နိုင်ရေးကိုပါ ဆောင်ရွက်သွားမယ်ဆိုတာ၊ လာမယ့် နွေရာသီအမီ ဖြစ်နိုင်ခြေရှိတဲ့ ရှိပြီးသားစီမံကိန်းတွေကနေ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နေပြီး မင်းဘူး ဆိုလာဓာတ်အားပေးစက်ရုံ ဒုတိယအဆင့် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးကို ၂၀၂၆ ခုနှစ် တတိယသုံးလပတ်ထက်စောပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားဖို့ မှာကြားလာတာတွေ အပြင် နိုင်ငံအတွင်းကို တရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှု လုံးဝ ကင်းစင်တဲ့အထိ ဆောင်ရွက်မှာဖြစ်ပြီး ပါဝင်ပတ်သက်နေသူ သစ္စာမဲ့ဝန်ထမ်းတွေကို ဖော်ထုတ်အရေးယူဖို့ SAC ဒုတိယဥက္ကဋ္ဌ ထပ်ပြောလာတဲ့ဖြစ်စဥ်တွေ ကြားမြင်ရပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ငလျင်ကြောင့် နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုတွေ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးအတွက် နောက်ထပ် ကျပ် ၂ ထရီလျံ ဆက်လက်ထောက်ပံ့ပေးနေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားတဲ့အကြောင်း၊မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ Starlink ဂြိုဟ်တုအင်တာနက်အသုံးပြုခွင့် ပိတ်ပစ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်က ဘီလျံနာ အီလွန်မာ့စ်ခ်ကို တိုက်တွန်းတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေကို စိတ်ဝင်စားမှုနဲ့အတူ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒတွေပြောင်းလဲဖို့ အစပျိုးနေပြီလားလို့ ယူဆစရာအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ ကျပ် ၂ ထရီလျံကျော် ထောက်ပံ့ပေးဦးမယ့် မန္တလေးငလျင်
SAC အစိုးရလက်ထက် ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေဖြစ်တဲ့ မိုခါ၊ ရာဂီနဲ့ မန္တလေးငလျင်ကြီး စတဲ့ သုံးခုမှာ မန္တလေးငလျင်ကြီးဘေးဒဏ်က ပျက်စီးဆုံးရှုံးမှုအကြီးမားဆုံးပါ။ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုက ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလျံဖိုး ဆုံးရှုံးခဲ့ရပြီး ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းလို့ နေအိမ်ပြိုပျက် မြောပါ ပျက်စီးမှုတွေမှာ ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလျံကျော်ဆုံးရှုံးခဲ့ရပြီး ဒီနှစ် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုက ငွေကျပ် ဘီလျံ ၄၀၀၀ နီးပါးနဲ့ အဆိုးဆုံးဖြစ်ခဲ့ရသလို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၀)ခုက ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ရတဲ့အပြင် သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး ရှိခဲ့ပါတယ်။ နေအိမ်၊ အဆောက်အဦနဲ့ အခြားထိခိုက်ပျက်စီးမှုမှာ လူနေအိမ် ၅၁၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနဲ့ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနဲ့ ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ အခြားဘာသာရေးအဆောက်အဦ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရတာကြောင့် မူလပျက်စီး ဆုံးရှုံးမှုတန်ဖိုးကတင် စုစုပေါင်းငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလျံအထိ ရှိခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်း ၁၀ ခုကို အထိနာခဲ့သလို ဘီလျံ ၄၀၀၀ ဖိုးလောက် ထိခိုက်ပျက်စီးခဲ့တဲ့ ဒီမန္တလေးငလျင်ကြီးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (Myanmar Economic Monitor -MEM) အရ ငလျင်ဘေးရဲ့ အကျိုးဆက်ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီက ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်လျော့ကျသွားမယ်လို့ ခန့်မှန်းခဲ့ပြီး အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ရိုက်ထိခိုက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိနိုင်တယ်လို့ပါ ခန့်မှန်းထားသလို ဒီပမာဏက မြန်မာ့ဂျီဒီပီ ၁၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့လည်း ပြောပါသေးတယ်။
ငလျင်က ပြည်သူ စုစုပေါင်း ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်က အတိဒုက္ခ ရောက်ခဲ့ကြရတဲ့အပြင် စက်ရုံများစွာပိတ်ရတာ၊ Supply Chain လုပ်ငန်းတွေ အကန့်အသတ်နဲ့ ကြုံတွေ့ရတာ၊ လုပ်သားရှားပါးတာ၊ အခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးသွားတာ အစရှိတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ကုန်ထုတ်လုပ်မှုတွေ ကမောက်ကမဖြစ်ခဲ့ရလို့ လက်ရှိဘဏ္ဍာနှစ်အတွက် စီးပွားရေးထုတ်လုပ်မှုပမာဏကလည်းအရင်ကထက် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် လျော့နည်းမယ်လို့ပါ ကမ္ဘာ့ဘဏ် မျှော်မှန်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အစိုးရနဲ့နိုင်ငံတကာထောက်ကူမှုတွေကြောင့် အချိန်လေးလအတွင်းမှာ နာလန်ပြန်ထူလာပြီလို့ Nikkei စစ်တမ်းက ပြောခဲ့သလို အခုလည်း နိုင်ငံတော်က ကျပ်ဘီလျံ ၅၀၀ ထောက်ပံ့ပေးမှုအပြင် ငလျင်ကြောင့် နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုတွေ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးအတွက် နောက်ထပ် ကျပ် ၂ ထရီလျံ ဆက်လက်ထောက်ပံ့ပေးနေတယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံ ပြောကြားလာတာ တွေ့ရပါတယ်။
ငလျင်ကြီးဖြစ်စအချိန်မှာ လမ်းပန်းဆက်သွယ်မှုတွေ စီမံခန့်ခွဲရတဲ့အစိုးရရုံးတွေ ပျက်စီးခဲ့၊ ဝန်ထမ်းတွေလည်း သေကြေအထိနာခဲ့တာကြောင့် စီမံခန့်ခွဲမှုလုပ်ဆောင်ရာမှာ အားနည်းတာနဲ့ ဒီအားနည်းချက်အခွင့်ကောင်းယူတဲ့ မသမာသူတွေကြောင့် မြေပြင်မှာ လစ်ဟာတာတွေကို အဂတိလိုက်စားတယ်လို့ ဝိုင်းဝန်းဝေဖန်ခဲ့ကြတာလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အခုလို နေအိမ်တိုက်တာအိုးအိမ်ပျက်စီးမှုတွေ ပြန်လည် ထူထောင်ရေးနဲ့ တည်ဆောက်ရေးအတွက် အစိုးရက ပျက်စီးထိခိုက်မှုအလိုက် နေအိမ်တစ်လုံးကို သိန်းရာချီထောက်ပံ့နေ၊ ရမယ်ဆိုတဲ့အချိန်မှာတော့ ဝေဖန်ခဲ့သူတွေက ချီးကျူးဖို့ သတိမရတော့သလို ထောက်ပံ့မှုမရချိန်က မီဒီယာတွေဆီ သတင်းပို့ခဲ့သူတွေကလည်း သိန်းရာချီရမယ်ဆိုချိန်မှာ ဆိတ်ငြိမ်သွားတာ တွေ့ရပါတယ်။ မကောင်းတဲ့အချိန်မှာ မကောင်းဘူးလို့ ပြောခဲ့ရင် ကောင်းတဲ့အချိန်မှာ ကောင်းတယ်။ ထောက်ပံ့မှုရတယ်ဆိုတာကို အသံထွက်ပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။
◾ ကျားဖြန့်ကြောင့် ပိတ်ဆို့ခိုင်းနေတဲ့ Stalink
အမေရိကန် အထက်လွှတ်တော်အမတ်ဖြစ်တဲ့ Maggie Hassan က အမေရိကန်နိုင်ငံသားတွေကို လိမ်လည်ဖို့အတွက် SpaceX ကုမ္ပဏီရဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်မှု ကျားဖြန့်မှုခင်းကျူးလွန်နေသူတွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့ဖို့ SpaceX ကုမ္ပဏီရဲ့ CEO ဖြစ်သူ ဘီလျံနာ Elon Musk ကို တိုက်တွန်းလိုက်ပါတယ်။ တိုက်တွန်းချက်မှာဆို အမေရိကန်နိုင်ငံသားတွေအပါအဝင် ကမ္ဘာ့ပြည်သူတွေ နစ်နာအောင် လိမ်လည်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ နေရာရွှေ့ပြောင်းရလွယ်ကူတဲ့ Starlink တွေကို သုံးနေကြတာဖြစ်လို့ ဒီလိုထိခိုက်စေတဲ့ ဒေသတွေ ပိတ်ပစ်ဖို့ တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက ၂၀၂၃ ခုနှစ်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကြောင့် ဆုံးရှုံးခဲ့တဲ့ ငွေကြေးက ကမ္ဘာတစ်ဝှမ်းမှာ ဒေါ်လာ ၃၇ ဘီလျံနီးပါးရှိခဲ့တယ်လို့ ခန့်မှန်းခဲ့တာကိုလည်း ကိုးကားဖော်ပြခဲ့ပါသေးတယ်။
တကယ်တော့ မြန်မာပြည်တွင်းမှာလည်း Elon Musk ရဲ့ Starlink ဂြိုဟ်တုအင်တာနက်စက်တွေက တရားဝင်ခွင့်ပြုထားတာမရှိဘဲ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အွန်လိုင်းလိမ်လည်တဲ့ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အဓိကသုံးကြတာပါ။ ပြည်မဘက်မှာ တရားဝင်ခွင့်ပြုထားတာ မရှိလို့ လက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာ လက်နက်ကိုင်တွေ၊ PDF ထောက်ပို့တွေ၊ PDF တွေက ဆက်ကြေးကောက် ရောင်းချရာမှာ အရင်ကဆို တစ်နှစ်စာသုံးစွဲခ၊ ပို့ဆောင်ခ၊ စက်တန်ဖိုး အားလုံးပေါင်းကို အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ အထက်ကျသင့်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ Starlink ဂြိုဟ်တုအင်တာနက်စက်တွေက စျေးဘယ်လောက်မှ မရှိတာကို သိလာကြချိန်၊ လက်နက်ကိုင်ဒေသဘက်မှာ လူအများအပြားရောင်းလာချိန်မှာ လက်နက်ကိုင်တွေ၊ PDF ထောက်ပို့တွေ၊ PDF တွေက ဆက်ကြေးကောက်တာ၊ အမြတ်အဆမတန်တင် ရောင်းတာမျိုး မလုပ်တော့ချိန်မှာ သိန်း ၄၀ ပတ်လည်အထိ ကျဆင်းလာတာ တွေ့ရပါတယ်။ တကယ်တော့ နိုင်ငံရေးအကျပ်အတည်းကြားမှာ တစ်နိုင်ငံလုံး အင်တာနက်ဖြတ်တောက်ခံရ၊ လိုင်းအနှေးခံရချိန်မှာ ဒီလို အခက်အခဲကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေအပေါ် ကုတ်သွေးစုပ်ခဲ့ကြတာလည်း လက်နက်ကိုင်တွေ၊ PDF ထောက်ပို့တွေ၊ PDF တွေပါပဲ။ တချို့ PDF တွေဆိုရင် Starlinks တစ်လုံးကို သိန်းဆယ်ချီ ဆက်ကြေးရ၊ အမြတ်တင် ရောင်းလို့ရနေလို့ အင်တာနက် တာဝါတိုင်တွေ ရာထောင်ချီကို တမင်သက်သက် ဖျက်ဆီးလိုက်ကြတာမျိုးလည်း သိရပါသေးတယ်။ ဒါ့အပြင် PDF တွေက တစ်နာရီ ထောင်သောင်းချီနဲ့ Starlink အင်တာနက်ဆိုင်ဖွင့် စီးပွားရှာတာမျိုးလည်း ရှိခဲ့ကြလို့ လူထုနာလေ၊ ဆက်ကြေးကောက် အမြတ်ထုတ်လို့ကောင်းလေဆိုတာမျိုး ပြည်နာမှ ငွေရှာကြတာကိုလည်း စက်ဆုပ်ဖွယ်ရာ ကြားရပါသေးတယ်။
◾ အမေရိကန်ခြေလှမ်းလာတဲ့ မြေရှား
မြန်မာနိုင်ငံမှာ မြေရှားဆိုတဲ့ အင်မတန်အဖိုးတန်တဲ့သတ္တုထွက်နေတာကို NLD အစိုးရဟောင်း တာဝန်ယူဆအချိန်မှ လူထုက စပြီး သိခဲ့ရတာပါ။ ဒီလို သိခဲ့ရချိန်မှာ မီဒီယာတွေက မြေရှားတွေ ထွက်နေတာကို ထိန်းကျောင်းဖို့ ရေးသားကြပေမဲ့ NLD အစိုးရဟောင်းက လုပ်ဆောင်နိုင်စွမ်းမရှိတာကြောင့် လွှတ်တော်မှာ ဆွေးနွေးထိန်းကျောင်းဖို့တောင် မလုပ်နိုင်ခဲ့ဘဲ NLD အစိုးရဟောင်းလက်ထက် ၂၀၁၈၊ ၂၀၁၉ မှာ ကုမ္ပဏီနှစ်ခုကို အသေးစားတရားဝင်လိုင်စင်ချပေးခဲ့တာပါ။ ဒီလို လိုင်စင်ချပေးတာကိုလည်း NUG ရဲ့ သယံဇာတဝန်ကြီးဒေါက်တာတူးခေါင်တို့ရဲ့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရဟောင်း ဒီလိုခွင့်ပြုခဲ့တာကို ပြည်သူတွေမသိခဲ့ရပါဘူး။ နောက် ဒီကုမ္ပဏီတွေက အလတ်စားအဖြစ်ပြောင်းလဲတူးဖော်ဖို့ လျှောက်ထားချိန်မှာ မဲမသမာမှုအကျိုးဆက် ၂၀၂၁ ပဋိပက္ခကြောင့် တရားဝင်ချမပေးနိုင်သေးတာကြောင့် လက်ရှိအချိန်မှာ မြေရှားတရားဝင်တူးဖော်ခွင့်မရှိသလို အဓိကထွက်ရှိရာနေရာတွေကလည်း လက်နက်ကိုင်တွေ ထိန်းချုပ်ရာနေရာဖြစ်လို့ အာဏာလေဟာနယ်ကာလမှာ ထင်တိုင်းကြဲ မြေရှားတူးတာကို လက်ရှိအစိုးရက လက်ပိုက်ကြည့်နေခဲ့ရတဲ့ အခြေအနေမျိုးပါ။
အဲဒီနောက်မှာ နိုင်ငံတကာစာရင်းတွေအရ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနေရာတွေမှာ မြေရှားအများအပြားထုတ်လုပ်ပြီး တရုတ်ကို အဓိက တင်ပို့လာသလို ဒီလိုတင်ပို့မှုစာရင်းတွေမှာလည်း ၂၀၂၃ နှစ်ဝက်အတွင်းမှာကို တရုတ်ထံ မြေရှား ၃၄၂၄၁ မက်ထရစ်တန် တင်ပို့ထားတယ်လို့ ကနေဒါအခြေစိုက် Adamas Intelligence အဖွဲ့က ပြောခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ တရုတ်လိုအပ်တဲ့ Dysprosium, Yttrium နဲ့ Terbium တို့အပါအဝင် မြေရှားသတ္တု ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ ပြောခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ မြေရှား ၃၄၂၄၁ မက်ထရစ်တန်ဟာ အနည်းဆုံး ဒေါ်လာ ၂ ဘီလျံနီးပါးလောက်တန်လို့ တစ်နှစ်ကို မြေရှားကနေ ဒေါ်လာ ၄ ဘီလျံလောက်ဟာ နိုင်ငံအတွက် အကျိုးမရှိဘဲ တရုတ်ဆီကနေ လက်နက်ကိုင်တွေဆီ စီးထွက်နေတာကို တွေ့ရပါတယ်။
နောက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင် KIA ဟာ မြေရှားအဓိက ပိုမိုထွက်ရှိတယ်ဆိုတဲ့ ကချင်အထူးဒေသ (၁) ကို တိုက်ခိုက်သိမ်းပိုက်လိုက်သလို စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တစ်ခွင်လုံးကို ထိန်းချုပ်ဖို့ကြိုးစားရာမှာ စစ်ကိုင်းနဲ့ အညာဟာ KIA စစ်ပွဲဆင်နွှဲတဲ့ Proxy War နေရာဖြစ်လာခဲ့ပြီး ဗန်းမော်ဟာလည်း KIA ကြောင့်ပဲ မွမွကြေသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ KIA ဟာ တရုတ်ကို မြေရှားမရောင်းချင်တော့လို့ အမေရိကန်ကို မြေရှားရောင်းဖို့ကြိုးပမ်းတယ်ဆိုတဲ့ အခြေအနေတွေမြင်ခဲ့ရသလို အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရကြားမှာ ကုန်သွယ်ဖက်အဖြစ် ထိတွေ့ဖို့ ကြိုးပမ်းမှုတွေလည်း မြင်လာရပါတယ်။ ဒီလိုကြိုးပမ်းမှုနဲ့ တစ်ပြိုင်နက်ပဲ ဗန်းမော်ကို ၂၀၂၄ ဒီဇင်ဘာကနေ အခုကာလအထိ နှစ်ပေါက်အောင် တိုက်နေရပြီး မြို့ထဲကနေ အသေအပျောက်များများနဲ့ ဖိအားပေးခံနေရတဲ့ KIA, KPDF နဲ့ PDF တွေဟာ ထပ်မံသွေးပျက်စရာအဖြစ် ဒီရက်ပိုင်းမှာပဲ လက်နက်လူသူရိက္ခာအပြည့်အစုံနဲ့ စစ်ရေယာဉ်တန်းဟာ ဗန်းမော်ဆီကို ချီတက်သွားနိုင်ခဲ့တာလည်း မြင်ရပါသေးတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ မြန်မာ့မြေရှားဟာ တရုတ်၊ KIA ၊ အမေရိကန်နဲ့ မြန်မာအစိုးရဆိုတဲ့ လေးပွင့်ဆိုင်အခြေအနေကြားမှာ ရှိနေတာကို မြင်ရပြီး မြန်မာအစိုးရဘက်က KIA လက်ထဲ မြေရှားအားလုံး ရောက်သလောက်နီးနီးဖြစ်နေတဲ့ အခြေအနေကို ချိန်ညှိဖို့ ကြိုးစားမှု သရုပ်သကန်ကိုလည်း ပြန်မြင်ရပါတယ်။ နိုင်ငံရေးအကျပ်အတည်းကြောင့် လက်နက်ကိုင်ကြတဲ့ ငါးနှစ်အတွင်းမှာ သယံဇာတနေရာတွေနဲ့ မူးယစ်ဆေးကို ဖင်ခုထိုင်မိထားတဲ့ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စစ်ဘုရင်ပေါက်စတွေအဖြစ်နဲ့ ကြွယ်၀နေပြီဖြစ်သလို သယံဇာတမရတဲ့နေရာတွေကလည်း မူယစ်ဆေးအပြင် ပြည်သူလူထုကို ဆက်ကြေးကောက် အမြတ်ထုတ်နေကြလို့ အဆီယစ်နေပါတယ်။ ဒီလိုအခြေအနေတွေမှာ လက်နက်ကိုင်တွေဟာ စစ်ပွဲတွေအပျော့ဆွဲနဲ့ အဓွန့်ရှည်ဖို့ လုပ်ဆောင်နေတာကိုလည်း တွေ့ရလို့ ရွေးကောက်ပွဲလုပ်ဆောင်ပေးမယ့် တပ်မတော်နဲ့ အစိုးရဟာ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းစဖို့အတွက် သယံဇာတထွက်ရာနေရာတွေကို အဓိက ပြန်သိမ်းဖို့လိုအပ်သလို တစ်ရက်တစ်ရက် သိန်းထောင်ချီ ဆက်ကြေးရနေပြီး KNU နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ မြ၀တီ အာရှလမ်းမကြီးလိုနေရာမျိုးလည်း ပြန်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လက်နက်ကြောင့် ငွေကြေးရနေတဲ့ အကျိုးအမြတ်စည်းစိမ်တွေဟာ စစ်ပွဲတွေကြာရှည်ပြီး လူထုနဲ့ နိုင်ငံကို ကြာလေနာလေပဲဖြစ်စေတာမို့ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့ဆို ဆက်ကြေးကောက်နေရာ၊ သယံဇာတနေရာတွေနဲ့ မူးယစ်ဆေးကို ဖင်ခုထိုင်ထားတဲ့ လက်နက်ကိုင်တွေကို ဦးစားပေးချေမှုန်းသင့်တယ်လို့ ထင်မြင်မိတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
