
၆.၈.၂၀၂၅
Written by Hey Mar
အဆောက်အဦ ဆေးသုတ်ရာက လုပ်သားနှစ်ဦးဓာတ်လိုက်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၆ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မကွေးမြို့၊ နတ်မောက်လမ်းမကြီးပေါ် ရှိ အဆောက်အုံတစ်ခုမှာ ဓာတ်လိုက်မှုဖြစ်ပွားရာက ထိခိုက်ဒဏ်ရာရရှိသူတွေရှိကြောင်း မြေပြင်လူမှုကူညီရေးအသင်းရုံးဆီ ဆက်သွယ်အကြောင်းကြားလာတဲ့အတွက် လူနာတင်ယာဥ်(၂) စီးနဲ့ အချိန်နဲ့တစ်ပြေးညီ ချက်ချင်း ထွက်ခွာကူညီခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာအရောက် ထိခိုက်ဒဏ်ရာရရှိသူက အသက် ၃၀ နှစ်အောက် အမျိုးသားနဲ့ အသက် ၃၀ ကျော် အမျိုးသား နှစ်ဦးဖြစ်ပြီး လိုအပ်တဲ့ ပြုစုမှုတွေ ချက်ချင်းလုပ်ဆောင်ပေးကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ပေးခဲ့ပေမယ့် အသက် ၃၀ နှစ်အောက် အမျိုးသားမှာ ဆေးရုံအရောက်ပြီး မကြာခင်မှာ ဆုံးပါးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” သူတို့က အိမ်ဆေးသုတ်ဖို့ သံငြမ်းဆင်ထားတာ။ သံထောက်က ဓာတ်ကြိုးပေါ် ထောက်ပြီး ဝါယာကြိုး ပေါက်ရာကနေ လူလည်း ငြမ်းပေါ်တက်ရော ဓာတ်လိုက်တာပါ။ အသက် သုံးဆယ်ကျော်အမျိုးသားကတော့ ပြုတ်ကျတဲ့ဒဏ်ရာကြောင့် ပွန်းပဲ့၊ ပေါက်ပြဲ အသေးစားနဲ့ ပခုံးနာကျင်ဒဏ်ရာ၊ ခြေမ ဓာတ်လိုက်လို့ အသားကျက် ဒဏ်ရာ၊ လက် ဘယ်/ညာမှာ ဓာတ်လိုက်လို့ အသားကျက်ဒဏ်ရာတွေ ရထားပါတယ်။ မစိုးရိမ်ရပါဘူး” လို့ MT News ကို ပြောပါတယ်။
