
MT News
၆. ၈. ၂၀၂၅
မြန်မာပလာဇာ ကားပါကင်နေရာတွင် အမျိုးသမီးတစ်ဦး လုပ်ကြံခံရသည့်အပေါ် အထူးဝမ်းနည်းကြောင်းနှင့် ကျူးလွန်သူများ အမြန်ဆုံးဖမ်းမိရေး ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့က ယခု ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့၊ ညနေပိုင်းတွင် မြန်မာပလာဇာရှောပင်းမော်လ်၏ ယာဉ်ရပ်နားရန်နေရာတွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာ လုံခြုံရေးဌာနမှ သိလျှင်သိချင်း လူနာအား အရေးပေါ်ကယ်ဆယ်နိုင်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လူနာမှာ ရရှိခဲ့သောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၏ အဆိုအရ အဆိုပါအမျိုးသမီးကို အမည်မသိ အမျိုးသားနှစ်ဦးမှ လုပ်ကြံတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။ အခင်းဖြစ်လျှင်ဖြစ်ချင်း သက်ဆိုင်ရာလုံခြုံရေးဌာနမှ လူနာအားအရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးရုံသို့ပို့ဆောင်ခြင်း၊ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ သတင်းပို့ခြင်း စသည့် လုပ်ငန်းစဥ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါသည်။ ဤဖြစ်စဥ်သည် မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြန်မာပလာဇာအနေဖြင့်လည်း နစ်နာသူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ သို့ဖြစ်ပါ၍ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနှင့် ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိနေပါသည်။”ဟု ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဥ်အပေါ် MT News က “မပိုပိုအိန္ဒြာချစ်နှင့် မောင်ဝေယံမိုးအောင်တို့၏ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေး အသက် ၅၉ နှစ် သည် ၅. ၈. ၂၀၂၅ (အင်္ဂါနေ့) ညနေ ၅ နာရီ ၂၀ ဝန်းကျင်ခန့်အချိန်က Myanmar Plaza ကားပါကင်တွင်အမျိုးသာ နှစ်ဦးမှ ဓားဖြင့် လုပ်ကြံ သတ်ခံရသောကြောင့် သွေးထွက်လွန်ကာ ဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်း” ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါ လုပ်ကြံမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာပလာဇာအနေဖြင့် စျေးဝယ်သူများနှင့် ဧည့်သည်တော်များ၏ ဘေးကင်းလုံခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာများနှင့် အရေးကြီးနေရာများတွင် လုံခြုံရေးအပြည့်အဝချထားခြင်းနှင့် လုံခြုံရေးစနစ်များအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မြန်မာပလာဇာအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အတွင်း အလေးအနက်ထား၍ ဆက်လက် ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
