
၆.၇.၂၀၂၅.
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ဩဂုတ်လ ၅ ရက်ကတောမီးလျင်မြန်စွာလောင်ကျွမ်းပျံ့နှံ့ခဲ့ရာမှာ သစ်တောမြေ ဟက်တာ ၁၁,၀၀၀ အထိ တောမီးလောင်ကျွမ်းခံခဲ့ရပြီး လူတစ်ဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့ရုံမက အိမ်တွေကိုလည်း ကူးစက်လောင်ကျွမ်းခံခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
တာဝန်ရှိသူတွေက ဒေသအတွင်း တောမီးလျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းရမှုက ပူပြင်းခြောက်သွေ့မှုနဲ့ စပျစ်ခြံတွေလို တောမီးပျံ့နှံ့မှုကိုတားဆီးပေးနိုင်တဲ့ စိုက်ခင်းတွေ ဆုံးရှုံးရမှုကြောင့်လို့ ပြောခဲ့ကြပါတယ်။

တောမီးလောင်ကျွမ်းမှုအတွင်း နိုင်ငံတောင်ပိုင်း Aude ဒေသထဲမှာ လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ဩဂုတ်လ ၆ ရက်နံနက်မှာပြောခဲ့ပါတယ်။ Aude ဒေသတွင်း တောမီးက အလွန်ပြင်းထန်တာကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁,၈၂၀ တို့က ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေကြရတယ်လို့ သိရပါတယ်။ မီးကြောင့် ဒေသအတွင်း အိမ်အ လုံးရေ ၂,၅၀၀ လောက် လက်ရှိမှာလျှပ်စစ်မီးပြတ်တောက်နေကြပါတယ်။
သမ္မတအီမာနျူရယ် မက်ခရွန်က တောမီးကိုကောင်းစွာထိန်းချုပ်နိုင်ဖို့ အစိုးရအရင်းအမြစ်တွေအားလုံးကို စုစည်းထားတယ်လို့ ဩဂုတ်လ ၅ ရက်က လူမှုကွန်ရက် X မှာ ရေးခဲ့ပါတယ်။
တောမီးလောင်ကျွမ်းမှုက ဩဂုတ်လ ၅ ရက် မွန်းလွဲပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး Aude ဒေသအတွင်းမှာ ကျေးရွာတချို့ကို ဆက်လက်လောင်ကျွမ်းနိုင်တဲ့အခြေအနေ ဩဂုတ်လ ၆ ရက်ထိရှိနေဆဲဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင် ၁,၅၀၀ နဲ့ မီးကိုဆက်လက်ငြှိမ်းသတ်ဆဲလို့ သိရပါတယ်။
” မီးကို လျင်မြန်စွာကူးစက်နိုင်အောင် အခြေအနေ ဖြစ်နေတဲ့ အချိန်၊ နေရာမှာ တောမီးက အရှိန်မြှင့် လောင်ကျွမ်းခဲ့တာပဲ။ မီးထပ်မံလောင်ကျွမ်းမှုတွေကို ကာကွယ်ဖို့လည်း အနီးကပ် စောင့်ကြည့်နေပါ တယ်” လို့ Aude စီရင်စုရဲ့ အထွေထွေအတွင်းရေးမှူး Lucie Roesch က ပြောခဲ့ပါတယ်။
Ref -France24
