
၆.၇.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ဘူရီရမ်ပြည်နယ်အတွင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဟွန်ဆန်ရဲ့ သက်တော်စောင့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူလျှိုတစ်ဦးလို့ သံသယရှိရတဲ့ ကမ္ဘောဒီးယားစစ်သားတစ်ဦးကို ဩဂုတ်လ ၅ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ခရာဆန်ခရိုင်အတွင်း လမ်ဒွန်ရဲစခန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထိုင်းရဲအရာရှိတွေက ဟွန်ဆန်ရဲ့ သက်တော်စောင့်အဖွဲ့ဝင်ကို ဖမ်းမိခဲ့တယ်လို့ ဩဂုတ်လ ၅ ရက်က ပြောခဲ့ပါတယ်။ သူက ပြည်နယ်အတွင်းထိုင်းတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဝင်ရောက်ထောက်လှမ်းစုံစမ်းနေပုံရတယ်လို့ ဆိုပါတယ်။

လမ်ဒွန်ရဲစခန်းက ဖမ်းဆီးရမိသူရဲ့ ပုံတချို့ကိုလည်း ဖော်ပြခဲ့ပါတယ်။သူက ရင်ဘတ်နဲ့လက်တွေမှာ ဆေး မင်ကြောင်တွေထိုးထားပြီး သက်တော်စောင့်အဖွဲ့ယူနီဖောင်းနဲ့ ဦးထုပ်တစ်လုံးတို့လည်း တွေ့ရပါတယ်။
သူ့ကို ခရာဆန်ခရိုင်အတွင်းက အိမ်တစ်လုံးမှာဖမ်းမိခဲ့တာဖြစ်ပြီး သူကအဲဒီမှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးနဲ့ အတူတူနေတာလို့ သိရပါတယ်။ ဩဂုတ်လ ၆ ရက်မှာတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့ ကမ္ဘောဒီးယားသူလျှိုဖြစ်သူကို ‘ဝင်’ လို့သာ အမည်ဖော်ပြခဲ့ပြီး သူ့အသက်က ၃၆ နှစ်ရှိပြီလို့ ဆိုပါတယ်။
ဝင်က သူ့အနေနဲ့ သက်တော်စောင့်အဖွဲ့က နှစ်အတော်ကြာထဲက ထွက်ခဲ့ပြီး ထိုင်းနိုင်ငံမှာအလုပ်လုပ်နေခဲ့တာ နှစ်နဲ့ချီပါပြီလို့ ပြောခဲ့ပါတယ်။ ခရာဆန်ရှိထိုင်းလူမျိုး ဇနီးဖြစ်သူအိမ်မှာနေထိုင်တာပဲ တစ်နှစ်ရှိပြီလို့ သူက ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူက စစ်ဖက်အမှုထမ်းကတ်၊ နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်ကတ်ပြားနဲ့ အလုပ်လုပ် ခွင့်ကတ်ပြားတို့မှာ မတူညီတဲ့ အမည်လေးမျိုးကို အသုံးပြုထားတာလို့ ဆိုပါတယ်။ သူက ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ကို ဇူလိုင်လလယ်က တရားမဝင်ဖြတ်သန်းပြီး ထိုင်းနိုင်ငံ ဆာကော်ပြည်နယ်ထဲ ဝင်ရောက်ခဲ့တယ်ဆိုတာကို ဝန်ခံမှုပြုခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ပစ္စတိုသေနတ်တစ်လက်ကို ကျည်ဆံတွေနဲ့အတူ သူ့ဆီက သိမ်းဆည်းရခဲ့ပါတယ်။သူ့ရဲ့ဖုန်းမှာလည်း တိုက်ပွဲဝင်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ စစ်ဝတ်စုံနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်းတွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Ref- Bangkok Post
