၆. ၈. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၊ NBTC (အမျိုးသား ရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်) နှင့် ရဲတပ်ဖွဲ့တို့က မြ၀တီမြို့နယ်မှ မိုင် ၃၀၀ ခန့် ကွာဝေးသည့် ဆမွတ်ပရာကန်ပြည်နယ်ရှိ ဂိုဒေါင်တစ်ခုကို ဝင်ရောက်ရှာဖွေရာတွင် ဒရုန်း(မောင်းသူမဲ့လေယာဉ်)များနှင့် ဒရုန်းရန်ကာကွယ်နိုင်သော ဆစ်ဂနယ်အချက်ပြ ပိတ်ဆို့ကိရိယာများအပြင် ဂျမ်မာကားတစ်စီးကိုပါ ဖမ်းမိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် NBTC မှ တာဝန်ရှိသူများ၊ CIB အရာရှိများ၊ ဆမွတ်ပရာကန်ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ဆမွတ်ပရာကန်ပြည်နယ်၊ မောင်းခရိုင်ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုပိုင် ဂိုဒေါင်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြသည်။ အဆိုပါ ဂိုဒေါင်သည် မောင်းသူမဲ့လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်အချက်ပြ ပိတ်ဆို့ကိရိယာများကို သိုလှောင်ခြင်းနှင့် တင်သွင်းခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိခဲ့သည်။
ရှာဖွေမှုအတွင်း ထိုင်းအာဏာပိုင်များက မောင်းသူမဲ့လေယာဉ် (ဒရုန်း) ၂၉ စီး၊ ဒရုန်းအချက်ပြ စုံစမ်းကိရိယာ (Signal detectors) ၃၈ ခု၊ မောင်းသူမဲ့လေယာဉ် တားဆီးပိတ်ဆို့နိုင်သည့် ဂျမ်မာ (Drone signal jammers) ၁၂၉ ခု၊ ဒရုန်းရန်ကာကွယ်နိုင်သော အခြားအချက်ပြပိတ်ဆို့ကိရိယာ ၁၆ ခု၊ ဒရုန်းရန်ကာကွယ်သည့် ဂျမ်မာအသုံးပြု ဗင်ကား ၁ စီးအပြင် အခြား ဒရုန်းရန်ကာကွယ်နိုင်သော ဆက်စပ်ပစ္စည်း ၅၀ ကို ဖမ်းမိခဲ့သည်။
ဂိုဒေါင်မန်နေဂျာဖြစ်သူ ထိုင်းနိုင်ငံသားတစ်ဦးက အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးရန်အတွက် ကိရိယာအားလုံးကို NBTC သို့ သိမ်းဆည်းခဲ့သည်။ ယနေ့တွင် တွေ့ရှိချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဟု မျှော်လင့်ရသည်။
ဤစုံစမ်းစစ်ဆေးမှုသည် NBTC မှ ဘန်ပူဒေသတွင် မောင်းသူမဲ့လေယာဉ်အချက်ပြများကို တွေ့ရှိခဲ့ရာမှ စတင်ခဲ့ပြီး အဆိုပါအချက်ပြများ၏ ရင်းမြစ်ကို ခြေရာခံရာမှ ဂိုဒေါင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရာတွင် ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ စွမ်းရည်မြင့်မောင်းသူမဲ့လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ် တားဆီးဆန့်ကျင်ရေး ကိရိယာများကို တင်သွင်းနေကြောင်း တွေ့ရှိရပြီး ပစ္စည်းတစ်ခုချင်းစီသည် ဘတ်သန်းနှင့်ချီ၍ တန်ဖိုးရှိသည်။ ဂျမ်မာဗင်ကားတစ်စီးသည်ပင် ဘတ်သန်း ၄၀ ကျော် တန်ဖိုးရှိပြီး လုံခြုံရေးအတွက် အစိုးရအဖွဲ့အစည်းများကိုသာ ရောင်းချရန် ရည်ရွယ်သည့်ပစ္စည်းဖြစ်သည်။
NBTC၊ CIB နှင့် ရဲတပ်ဖွဲ့တို့သည် အဆိုပါ ဖမ်းမိပစ္စည်းများက နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသလို အဆိုပါကုမ္ပဏီသည် သုံးနှစ်ကျော်ကြာ လည်ပတ်နေသည့် ကုမ္ပဏီဖြစ်ပြီး၊ ယင်းပစ္စည်းများသည် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်မှုရှိမရှိကို ဆုံးဖြတ်ရန်အတွက် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို ချဲ့ထွင်လုပ်ဆောင်လျက်ရှိသည်။
Ref. The Nation Thailand








