
၄. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ အီဆန်ဒေသက စစ္စကတ်ခရိုင်မှာ ကျောင်းအုပ်ကြီးဖြစ်တဲ့ အမျိုးသားတစ်ဦးက ဇနီးဟောင်းအပါအဝင် မိသားစုဝင် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး ဒီဖြစ်ရပ်တစ်ခုလုံးမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဒီနေ့မှာ The Thaiger က ဖော်ပြလာပါတယ်။
ဖြစ်စဥ်က ဇူလိုင် ၂၂ ရက်နေ့ ည ၉ နာရီခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မူအန်း စစ္စကတ်ရဲစခန်းကို ပစ်ခတ်မှုဖြစ်ပွားနေကြောင်း သတင်းပို့လာတာကြောင့် အရာရှိတွေဟာ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ အခင်းဖြစ်ပွားရာကို အလျင်အမြန်သွားရောက်ခဲ့ကြပါတယ်။
ရောက်ရှိတဲ့အခါ အိမ်အပြင်မှာ အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ရပါတယ်။ အလောင်းတွေက အသက် ၃၉ နှစ်အရွယ် ရှေ့နေဖြစ်သူ Paramat Saman နဲ့ သူ့ရဲ့ယောက္ခမ အသက် ၆၄ နှစ်အရွယ် Yokmanee Kokraphan တို့ ဖြစ်ပါတယ်။
အိမ်အတွင်းမှာတော့ နောက်ထပ်အလောင်း ၂ လောင်းကို တွေ့ရပါတယ်။ အဲဒီအလောင်းတွေကတော့ အသက် ၆၂ နှစ်အရွယ် Boonluen Aphaiphong နဲ့ ရှေ့နေရဲ့ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် Duangduen Kokraphan တို့ပဲ ဖြစ်ပါတယ်။ Duangduen ဟာ Ban Non E-pang ကျောင်းရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ပါတယ်။ Boonluen ကတော့ ရှေ့နေ Paramat ရဲ့ ဦးလေးဖြစ်တယ်လို့ သိရပါတယ်။

Paramat ဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခံထားရပြီး Yokmanee ဟာ ပါးကို ပစ်ခတ်ခံထားရပါတယ်။ Boonluen ဟာ နဖူးကို ပစ်ခံထားရပြီး Duangduen ကတော့ ပါးစပ်ကို ပစ်ခံထားရတာ ဖြစ်ပါတယ်။
အသက် ၁၀ နှစ်အရွယ် Duangduen ရဲ့သားငယ်လေးကတော့ အိမ်သာထဲမှာ ပုန်းအောင်းနေတဲ့အတွက် အသက်ရှင်ခဲ့ပါတယ်။ ဒီကလေးဟာ Duangduen ရဲ့ ပထမခင်ပွန်း ရဲအရာရှိတစ်ဦးနဲ့ ရခဲ့တာ ဖြစ်ပါတယ်။
Boonluen ရဲ့ဇနီး အသက် ၆၃ နှစ်အရွယ် Datcharaporn Aphaiphong ကတော့ လူသတ်သမားဟာ Duangduen ရဲ့ အသက် ၄၂ နှစ်အရွယ် ခင်ပွန်းဟောင်းဖြစ်သူ Pathaphe Meebang ဖြစ်နိုင်တယ်လို့ ရဲကို ပြောပြခဲ့ပါတယ်။ Pathaphe ဟာလည်း Buriram မှာ ကျောင်းအုပ်ကြီးတစ်ဦးဖြစ်ပြီး သူမကတော့ အိမ်ထောင်သုံးဆက်ရှိသူပါ။
Duangduen ဟာ ဒုတိယခင်ပွန်း Pathaphe နဲ့ ကွာရှင်းပြီးနောက် တတိယခင်ပွန်းဖြစ်တဲ့ သတ်ဖြတ်ခံရသူ ရှေ့နေ Paramat နဲ့ လက်ထပ်ခဲ့ကာ အခင်းမဖြစ်ပွားခင် ၂ လအလိုမှာ ရှေ့နေနဲ့အတူ အိမ်မှာ လာနေခဲ့တာ ဖြစ်ပါတယ်။
Datcharaporn ရဲ့ ပြောကြားချက်အရ Duangduen ဟာ ခင်ပွန်းဟောင်းရဲ့ အကြမ်းဖက်တဲ့အပြုအမူတွေကြောင့် Pathaphe နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့နောက်မှာတော့ Pathaphe က အိမ်ကို သူတစ်ယောက်တည်း ဝယ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုပြီး အိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ နှစ်ယောက်သား အငြင်းပွားခဲ့ကြပါတယ်။
Pathaphe ဟာ Duangduen နဲ့ သူ့မိသားစုကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးကြောင်းကိုလည်း Datcharaporn က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အိမ်ဟာ Duangduen ရဲ့အပိုင်မဟုတ်ဘဲ သူ့အပိုင်ဖြစ်ကြောင်း ဒေသခံတွေသိအောင် စာရွက်စာတမ်းတွေကိုလည်း ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
ရဲအရာရှိတွေဟာ Pathaphe ကို Buriram ခရိုင်မှာ ဇူလိုင် ၂၂ ရက်မှာပဲ ခြေရာခံမိခဲ့ပြီး သူဟာ လူသတ်သမားဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ အထောက်အထားတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ လိုက်လံဖမ်းဆီးနေစဉ်မှာ Pathaphe ဟာ သူ့ရဲ့အနက်ရောင်ကားကို ရပ်လိုက်ပြီး ရဲတွေရှေ့မှာပဲ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရဲအရာရှိတွေဟာ တရားခံအဆုံးစီရင်သွားတဲ့ ဒီအမှူကို သေမှုသေခင်းရေးဖွင့် အပြီးသတ်စစ်ဆေးပိတ်သိမ်းဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။
Ref, The Thaiger
