
၄.၈.၂၀၂၅
Written By Zun
AA က နယ်မြေလုယက် ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မပေါက်ကွဲသေးသည့်ဗုံးကို ကောက်ယူကစားရာမှ ဗုံးပေါက်ကွဲ၍ ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယမန်နေ့ သြဂုတ်လ ၃ ရက် ညနေ ၂ နာရီခွဲခန့်က မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာတွင် ကလေးငယ် များက ဗုံးသီးကို ကောက်ယူလာကာ ကစားနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ ဝေသာလီကျေးရွာသို့ လာရောက်လည်ပတ်သည့် မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှ ၄ နှစ်သားကလေးငယ်ဖြစ်ပြီး ဒဏ်ရာရသူများမှာ အသက် ၄ နှစ်အရွယ် မောင်ဖြိုးငြိမ်းနိုင်၊ အသက် ၁၁ နှစ်ခန့်အရွယ် မောင်ကောင်းမြတ်ထက်၊ မောင်မျိုးဝင်းဦး၊ မောင်ခိုင်ငြိမ်းဇော်တို့ ဖြစ်ကာ ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရသူ၊ ကျောက်ကပ်ထိသူ စသဖြင့် ဒဏ်ရာများ ရခဲ့ကြကြောင်း သိရသည်။
“AA က မြောက်ဦးက ရွာတွေမှာ မြို့ပေါ်ကို ထိုးစစ်လုပ်ခဲ့တုန်းက ဗုံးထောင်ခဲ့တာတွေ အများကြီးလေ။ သူတို့က နယ်မြေကျွမ်းတယ်ဆိုပြီး တပ်က ဝင်လာရင် ထိအောင်လုပ်ခဲ့တာ။ အခုက ဒေသခံတွေပဲ နစ်နာတယ်။ သေကြေကြတယ်လေ။အဲဒီလို ဖြစ်စဉ်တွေက ရခိုင်ပြည်နယ်မှာ AA ရှိတဲ့ အရပ်ဒေသတိုင်း နောက်ထပ် မကြုံရဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ”ဟု မြောက်ဦးဒေသခံက MT News ကို မှတ်ချက်ပြု ပြောပြသည်။
Photo-CJ
