◾️အမြန်လမ်းမကြီးဘေးတစ်လျှောက် တရားမဝင် စားသောက်ဆိုင်၊ အဆောက်အဦများနှင့် အမြန်လမ်းမကြီးအပေါ်တက်ရန် တရားမဝင် ဖောက်လုပ်ထားသည့်လမ်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရန်ပါ မှာကြား

၄. ၈. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်- မန္တလေး အမြန်လမ်းကြီးအား ၄ လမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင်တင်ခြင်းလုပ်ငန်းများအား စီမံချက်ရေးဆွဲသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ်များ ဖြင့်ထွက်ခွာ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
ထိုသို့စစ်ဆေးရာတွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄ နေရာရှိ ရေထွက်ပေါက်နေရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။

ယင်းနောက် အမြန်လမ်းမကြီးရှိ ဆောက်လုပ်ရေးရိပ်သာသို့ ခေတ္တရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ လမ်းနယ်ပေ ၂၀၀ အတွင်း အမြဲစိမ်းသစ်ပင်များစိုက်ပျိုးသွားရန်လိုကြောင်း၊ လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် ၁၀ ပေခြား၍ ၂ တန်း (သို့မဟုတ်) ၃ တန်း စိုက်ပျိုးသွားရန်လိုကြောင်း၊ အလားတူ လမ်းဘေးဝဲယာရှိ သစ်တောကြိုးဝိုင်းကြိုးပြင်တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ၅ ဧက/၁၀ ဧကခန့် ရှိသော သစ်တောငယ်များ ထူထောင်စိုက်ပျိုးသွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။
အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ တရားမဝင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြားတရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အဦများကိုလည်း အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

အလားတူ အမြန်လမ်းပေါ်သို့ တက်ရောက်ရန်အတွက် တရားမဝင်လမ်းများ ဖောက်လုပ်ထားရှိမှု မရှိစေရေးနှင့် အမြန်လမ်းမပေါ်တက်ရောက်မည့် သတ်မှတ်ထားထားသည့် လမ်းများကိုလည်း အမြန်လမ်းမကြီး ဥပဒေ၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ဖောက်လုပ်ရေးအတွက်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ၄ လမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး စီမံချက်ရေးဆွဲသွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဆက်လက်ထွက်ခွာလာကြပြီး ဆွာချောင်းတံတား ပြန်လည်တည်ဆောက်နေမှု အခြေအနေမျာကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ ဆွာချောင်း ကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။
