◾️ပြည်ပခရီးသွားများကို စွဲဆောင်နိုင်သည့် ရှေးဟောင်း ရန်ကုန်တိုင်းတရားလွှတ်တော် အဆောက်အဦ ရေရှည်ကြံ့ခိုင်စေရေး စနစ်တကျဆောင်ရွက်ရန်ပါ မှာကြား

၄. ၈. ၂၀၂၅
Written by Nyein Kyaw
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယနေ့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယဉ်အား ရေရှည်တည်တံ့ ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ၊ သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့် ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်းများမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာ ဖတ်ရှုလေ့လာနိုင်ရေး ကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြသထားရှိရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဝန်းအတွင်းရှိ ရေကန်၊ ဗိုလ်ချုပ်ကိုယ်တိုင် စိုက်ပျိုးခဲ့သည့် သီးပင်စားပင်စိုက်ခင်း နေရာပြကွက်များကို နဂိုမူလပုံစံမပျက် ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်သို့ လာရောက် လေ့လာသူများကိုလည်း စနစ်တကျစာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့်ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင် ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထားခြင်း ဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများအနေဖြင့် သတ်မှတ်ချိန်များအတွင်း အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ ရောက်ရှိချိန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ထပ်မံပြုစု၍ခင်းကျင်းပြသသွားရန်နှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦ ဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုခေတ်တွင် မီခဲ့သည့်သတင်းစာဆရာကြီးများ၊ စာရေးဆရာများအား လိုက်လံမြေးမြန်း၍ တစ်ပုံစံတည်း ဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျ နေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦသို့ ရောက်ရှိချိန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အဦသည် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေပဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အဦသည် ပြည်ပခရီးသွားများကို စွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦ တစ်ခုဖြစ်သဖြင့် အဆောက်အဦ ရေရှည် ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွား ရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
