
၅.၈. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၈၀ ရေနစ်မြုပ်ပြီး လယ်စပါးစိုက်ပျိုးသည့် လယ်ဧက ၃၀,၀၀၀ ကျော် ရေလွှမ်းမိုးခဲ့ရသည့်အပြင် စာသင်ကျောင်းစုစုပေါင်း ၃၇ ကျောင်း ကျောင်းတက်မရ၍ ယာယီကျောင်းပိတ်ခဲ့ရသည်ဟု KNU က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုကြောင့် ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ၂ဟင်္သာဝဲကျေးရွာအုပ်စု၊ ကျောက်မှော်ဘုရားကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအုပ်စု၊ ဝက်လာတောကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာအုပ်စု၊ အောက်ချင်းကုန်း ကျေးရွာအုပ်စု၊ ပတ္တလားကျေးရွာအုပ်စု၊ လယ်ဝဲကြီးကျေးရွာအုပ်စု၊ စောမူသဲကျေးရွာအုပ်စု၊ကျွန်းကြီး ကျေးရွာအုပ်စု၊ ကော်သာစေးကျေးရွာအုပ်စု၊ မိုးခို ကျေးရွာအုပ်စု၊ မဘီကျေးရွာအုပ်စု၊ တောကြောင်ပေါက်ကျေးရွာအုပ်စု၊ လက်ကောက်ဝကျေးရွာအုပ်စု၊ ပေါက်တော ကျေးရွာအုပ်စု၊ ကျွဲတလင်း ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာအုပ်စု၊ မမရမ်းကျေးရွာအုပ်စု၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ကျောက်ခဲကြီးကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုများတွင် ယခုအချိန်အထိ ရေနစ်မြုပ်ခဲ့ရသည်။

၎င်းကျေးရွာအုပ်စုများတွင် ကျေးရွာပေါင်း ၈၀၊ အိမ်ခြေစုစုပေါင်း ၅,၄၉၅ လုံး၊ လူဦးရေစုစုပေါင်း ၂၈,၁၆၂ ဦး ရှိသည်။ ထို့ပြင် ၎င်းကျေးရွာများမှ လယ်စပါးစိုက်ပျိုးသည့် လယ်ဧက ၃၀,၀၀၀ ကျော်လည်း ရေများလွှမ်းမိုးကာနစ်မြုပ် ပျက်စီးခဲ့ရသည်။
ထို့ကြောင့် အဆိုပါ ကျေးရွာအုပ်စုများရှိ ကျောင်းများလည်း ရေကြီးရေလျှံမှုကြောင့် ယခုအချိန်အထိ ကျောင်းတက်မရ၍ ကျောင်းများယာယီပိတ်ထားရသည်ဟု သိရသည်။ အဆိုပါရေကြီးရေလျှံမှုကြောင့် ဒေသခံများစားဝတ်နေရေးအခက်ကြုံနေရသလို ရေမြုပ်လယ်များ ပြန်လည်စိုက်ပျိုးရန်လည်း ခက်ခဲနေရကြောင်း သိရသည်။
