
၃.၈.၂၀၂၅
Written By Zun
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ယမန်နေ့ သြဂုတ်လ ၂ ရက်က တပ်မတော် အနေဖြင့် ပြန်လည်ထိန်းချုပ်လိုက်သည်ဟု ကနဦးသိရသလို ဖားကန့် – ကာမိုင်းလမ်းကြောင်းရှိ KIA နှင့် PDF ဂိတ်များကိုလည်း ဖယ်ရှားလိုက်နိုင်ခဲ့ကြောင်း သိရသည်။
KIA နှင့် PDF များ ထိန်းချုပ်ပြီးနောက် ဖားကန့် ဆက်ကြေးနှင့် ဂိတ်ကြေးကောက်ခံမှုကြောင့် ဖားကန့်ပြည်သူများမှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုနှင့် အစာရေစာပြတ်တောက်မှုကို ရင်ဆိုင်ခဲ့ရပြီး ကြက်သားတစ်ပိသာကိုပင် ကျပ် တစ်သိန်းနှစ်သောင်းအထိ မြင့်တက်ခဲ့သဖြင့် ယခုကဲ့သို့ ဖားကန့်ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ကာ KIA နှင့် PDF ဆက်ကြေးဂိတ်များ ဖျက်သိမ်းလိုက်သဖြင့် ကုန်စည်များ တရဟောဝင်လာမှုအပေါ် ဒေသခံများ ပျော်ရွှင်နေကြသည်ကိုလည်း လူမှုကွန်ရက်တွင် တွေ့မြင်ရသည်။
“ကျွန်တော်တို့ ဒေသခံတွေရဲ့ ခံစားချက်က ရွှေတုံးရသလိုပဲဗျ။ မနေ့ကဘဲ ဂိတ်တွေ ဖယ်လိုက်တာ။ ဒီနေ့ဆိုရင် ကုန်ကားသေးသေးလေးတွေတောင် ပြေးနေပြီ။ ဘာအခွန်မှ ပေးစရာမလိုတော့ဘူး။ အခွန်ကောက်တဲ့ဂိတ်တွေ မရှိတော့တာကြောင့်လေ။ ကျွန်တော်တို့ ဒေသခံတွေ ပျော်လားလို့ မမေးနဲ့ဗျ။ ရွှေတုံး ကောက်ရသလိုပဲ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
KIA နှင့် PDF လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ဖားကန့်မြို့နယ်ကို ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်လမ်းတစ်လျှောက်တွင် ဆက်ကြေး အခွန်ကောက်သည့် ဂိတ်များဖွင့်လှစ်ထားခဲ့သည်။ ထိုကဲ့သို့ထိန်းချုပ်ထားမှုကို ပြန်လည် တိုက်ထုတ်သည့် တပ်မတော်၏ ထိုးစစ်ကို မခံနိုင်တော့သော KIA-KPDF ပူးပေါင်းအဖွဲ့ အနေဖြင့် ဖားကန့်ဗျူဟာကုန်းနှင့် အနီးကပ် ရင်ဆိုင်ကုန်းတစ်ခုဖြစ်သော ရှရော်ခကျေးရွာအဝင် (ညောင်ပင်ကုန်း)ကို ယမန်နေ့က လက်လွှတ်လိုက်ရပြီးနောက် တပ်မတော်က ဖားကန့် – နန့်ယား – ကာမိုင်း – မိုးကောင်းလမ်းပိုင်းကို နယ်မြေရှင်းလင်းကာ KIA နှင့် PDF တို့၏ ဆက်ကြေးဂိတ်များ ဖျက်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။
“အခု လက်ရှိမှာ တော့ မော်မောင်းကုန်း၊ လမောင်းကုန်း ၊ ဆိပ်မူ တို့ ဘက်မှာတော့ သေနတ်သံလေးတွေ ရှိနေသေးတယ်။ အားလုံး အခြေအနေကောင်းတယ်”ဟု အဆိုပါ ဒေသခံကပြောသည်။
