
၃. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအလယ်ပိုင်း၊ ရတ်ချာဘူရီပြည်နယ်တွင် မြန်မာစုံတွဲတစ်တွဲကို မျက်နှာဖုံးစွပ် တိုက်ခိုက်သူ လေးဦးက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ပြီး ထိုစုံတွဲက ထိုင်းရိုးရာ တောင်းပန်သည့် အမူအရာဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် ထိုင်းရဲတပ်ဖွဲ့က တိုက်ခိုက်သူများကို လိုက်လံရှာဖွေနေသည်။
ဖိုတာရမ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ဇူလိုင်လ ၂၉ ရက်နေ့ သန်းခေါင်ယံအချိန်ခန့်တွင် ထိုစုံတွဲသည် ၎င်းတို့၏ အဆောင်မှ ညဆိုင်းအလုပ်သို့ ဆိုင်ကယ်ဖြင့် သွားနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေးကင်မရာများက အဆိုပါ ဖြစ်ရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။

တိုက်ခိုက်ခံရသည့် နေရာဖြစ်သော ဖိုတာရမ်ခရိုင်၊ ဘန့်ခုံမြို့နယ်ခွဲ၊ မူး ၄ ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီး ဒေါ်ဝင်းက သတင်းထောက်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သီတီပန် ဘူအာဖူး တို့အား ကရင်ဘာသာပြန်မှတစ်ဆင့် အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။
ဒေါ်ဝင်းက “ကျွန်မနဲ့ ကျွန်မခင်ပွန်း အလုပ်ကို ဆိုင်ကယ်နဲ့သွားနေတုန်း လမ်းကြားထဲဝင်ခါနီးမှာ ဦးထုပ်တွေ၊ မျက်နှာဖုံးတွေ ဝတ်ထားတဲ့ အမျိုးသားလေးယောက်က ကျွန်မတို့ဆီကို အပြေးအလွှား ရောက်လာတယ်။ ကျွန်မ ချက်ချင်းပဲ ဝေအမူအရာ (wai အမူအရာ- လေးစား၊ နှုတ်ဆက်၊ တောင်းပန်သည့် ထိုင်းဟန်ပန်) နဲ့ လက်အုပ်ချီပြီး ‘ရှင်တို့ လူမှားနေတာလား။ ကျွန်မတို့ ဘယ်သူနဲ့မှ ပြဿနာဖြစ်ဖူးတာ မရှိဘူး’ လို့ ပြောပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ သူတို့က ဘာမှမပြောဘဲ ကျွန်မတို့ကို တိုက်ခိုက်တော့တာပဲ” ဟု ပြောပြသည်။
သူတို့၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်သူများသည်လည်း မြန်မာနိုင်ငံသားများ ဖြစ်နိုင်ကြောင်း သူမက ယုံကြည်နေသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ညက ရာ့ချ်ဘူရီပြည်နယ်၊ ဖိုတာရမ်ခရိုင်၊ ဘန့်ခုံမြို့နယ်ခွဲ၊ မူး ၄ ကျေးရွာရှိ ၎င်းတို့၏ အဆောင်အပြင်ဘက်တွင် အမျိုးသားလေးဦးအနက် သုံးဦးက မြန်မာအမျိုးသမီးကို တိုက်ခိုက်နေပြီး ကျန်တစ်ဦးက အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် သူမ၏ခင်ပွန်းကို တိုက်ခိုက်နေသည်ကို CCTV မှတ်တမ်းတွင် တွေ့ရသည်။

CCTV မှတ်တမ်းတွင် တိုက်ခိုက်သူတစ်ဦးက အမျိုးသမီးကို ဆိုင်ကယ်ပေါ်မှ ဆွဲချကာ ကန်ကျောက်နေသည်ကို တွေ့ရသည်။ ထိုအတောအတွင်း အခြားနှစ်ဦးက သစ်သားတုတ်များနှင့် လက်သီးဆုပ်ထည့်သည့် သံကွင်းများဖြင့် သူမ၏ခင်ပွန်းကို တိုက်ခိုက်ခဲ့သောကြောင့် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။
တိုက်ခိုက်သူ လေးဦးစလုံး တိုက်ခိုက်ပြီးနောက် လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။
ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး သူမ၏ နဖူးဒဏ်ရာ၊ ပါးရိုးကျိုးခြင်း၊ ခန္ဓာကိုယ်ပွန်းပဲ့ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နံရိုးနာကျင်ခြင်းတို့အတွက် ဆေးကုသမှု ခံယူခဲ့ရသည်။ ခင်ပွန်းသည်မှာလည်း ခြေထောက်နှင့် ကိုယ်လုံးတွင် ဒဏ်ရာများ ရရှိခဲ့သည်။ ထိုစုံတွဲသည် နောက်တစ်နေ့တွင် ဖိုသာရမ်ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။
မြန်မာအမျိုးသမီးက “ကျူးလွန်သူတွေကို ခြေရာခံပြီး ဖမ်းဆီးပြီး အရေးယူပေးဖို့ ရဲအရာရှိတွေကို တောင်းပန်ချင်ပါတယ်။ သူတို့ ဘာကြောင့် ကျွန်မတို့ကို နာကျင်အောင်လုပ်တာလဲဆိုတာ သိချင်တယ်” ဟု ပြောသည်။
ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် မကြာသေးမီက မြန်မာအမျိုးသမီး၏ မျက်နှာတွင် ဒဏ်ရာများ ရှိနေဆဲကိုလည်း တွေ့ရှိရသည်။
ဒေါ်ဝင်းက သူမနှင့် သူမ၏ခင်ပွန်းသည် ဤဧရိယာတွင် ခြောက်နှစ်ကျော်ကြာ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အလုပ်လုပ်ခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့်လက ကားရပ်နားခြင်းနှင့်ပတ်သက်၍ စကားများပြီး ရုပ်ပိုင်းဆိုင်ရာ အချင်းပွားမှု ဖြစ်ပွားခဲ့သည့် အိမ်နီးချင်းတစ်ဦး ရှိခဲ့ကြောင်း ရှင်းပြသည်။ သို့သော် ထိုအချိန်က ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း မရှိပေ။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် စုံစမ်းစစ်ဆေးသူများက အဆိုပါ အိမ်နီးချင်းကို မေးမြန်းခဲ့ရာ ၎င်းသည် တိုက်ခိုက်မှုမဖြစ်ပွားမီ ၅-၁၀ မိနစ်အလိုတွင် အလုပ်သွားရန် ထွက်ခွာခဲ့သောကြောင့် တိုက်ခိုက်မှုအကြောင်းကို မသိရှိသလို ပါဝင်ပတ်သက်မှုလည်းမရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ဤအမှုသည် အလွန်အမင်း အကြမ်းဖက်သည့် အပြုအမူဖြစ်ကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီးက ထိုင်းရိုးရာအမူအရာများဖြင့် ကရုဏာရပ်ခံတောင်းပန်ခဲ့သော်လည်း တိုက်ခိုက်သူများက ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု မှတ်ချက်ပြုသည်။ “ဒါဟာ ဥပဒေကို မကြောက်တဲ့ အကြမ်းဖက်အပြုအမူပဲ” ဟု အရာရှိတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က အခု ကျူးလွန်သူလေးယောက်စလုံးကို တရားစွဲဆိုနိုင်ဖို့ ခြေရာခံနေပါတယ်” ဟု ပြောကြားခဲ့သည်။
Ref, Khaosod
