
MT News
၃. ၈. ၂၀၂၅
ရခိုင်ပြည်နယ်သို့ သယ်ယူပို့ဆောင်သည့် ငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းအား ပန်းတောင်းမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခွဲအချိန် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဘီလျံခန့်) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်း နှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင် တို့အား မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့ပတ်လမ်းရှိနေအိမ်တွင် ဖမ်းဆီးမိခဲ့သည်။

ထို့အပြင် စိတ်ကြွရူးသွပ်ဆေးပြားများအား နေအိမ်၌ သိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မြတ်မင်း အား CANTER BOX ယာဉ်၊ MINICAB ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကြံခင်းမြို့မှ ပန်းတောင်းမြို့နယ်သို့ LIFAN မော်တော်ယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သူ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာနေ စိုးမင်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် LIFAN အမျိုးအစား မော်တော်ယာဉ် ၁ စီးအား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများအား စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုး၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေး တို့မှ ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်း ထံ လွှဲအပ်ခဲ့ပြီး ကျော်ကျာ်ဝင်း၊ ကိုကိုနိုင် နှင့် မြတ်မင်း တို့သည် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့ရှိ ကိုကိုနိုင် ၏ နေအိမ်တွင် ခေတ္တသိမ်းဆည်းထားခဲ့ကာ ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ကြံခင်းမှ ပန်းတောင်းသို့ LIFAN ယာဉ်ပိုင်ရှင် စိုးမင်းနှင့် ယာဉ်မောင်း တင့်ဆွေ တို့မှ ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရဲနိုင်နှင့် မိုးထိ တို့မှ ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
