
၃. ၈. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့်သီတင်းပတ်က ဂါဇာတွင် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ ဟားမတ်စ်၏ Sheikh Radwan တပ်ရင်းမှ ဒုတိယတပ်မှူးကို သုတ်သင်ခဲ့ကြောင်း IDF (Isarel Defense Force) က ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ် IDF ၏ အဆိုအရ အယ်လ်-ဖူရ်ကန် တပ်ရင်းဟု သိထားကြသည့် ဟားမတ်စ်၏ Sheikh Radwan တပ်ရင်းမှ ဒုတိယတပ်မှူးကို ပြီးခဲ့သည့်သီတင်းပတ်က ဂါဇာကမ်းမြှောင်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။
IDF က ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုတွင် ဂါဇာစီးတီးတပ်မဟာရှိ တပ်ရင်း၏ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က တပ်ရင်း၏ တိုက်ခိုက်ရေးထောက်ပံ့ရေးတပ်စုကို ဦးဆောင်ခဲ့သူ ဆာလာ အေ-ဒင် ဇာရာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
စစ်တပ်၏ အဆိုအရ ဇာရာသည် အစ္စရေးနှင့် ဂါဇာတွင် လှုပ်ရှားနေသော IDF တပ်ဖွဲ့များအား တိုက်ခိုက်မှုများစွာကို ညွှန်ကြားခြင်းနှင့် တိုးမြှင့်လုပ်ဆောင်ခြင်းတို့အတွက် တာဝန်ရှိသူဖြစ်သည်။
ထိုအတောအတွင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် အစ္စရေးလေတပ်သည် ဂါဇာကမ်းမြောင်ရှိ အကြမ်းဖက်ပစ်မှတ် ၁၃၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း IDF က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် IDF တပ်မလေးခုက ဂါဇာတစ်လျှောက် မြေပြင်စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အစ္စရေးသည် Hamas မှ ထိပ်ပိုင်းခေါင်းဆောင်အဆင့် တပ်မှူး ဆယ်ဦးထက်မနည်းကို သုတ်သင်ခဲ့ပြီး ဇာရာသည် နောက်ဆုံးသုတ်သင်ခံရသူဖြစ်လာခဲ့သည်။
Ref, Times of Isarel & RT
