၁.၈.၂၀၂၅
Written By Thandar
အဘဆရာကြီးမင်းသိင်္ခရဲ့ ဤမြေကမ္ဘာမှထွက်ခွာခြင်း ၁၇ နှစ်မြောက် အထိမ်းအမှတ် စုပေါင်းအလှူတော်ကို ယနေ့ ဩဂုတ် ၁ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီးရှိ ဒေးစွန်ပါသာသနာ့နယ်မြေမှာ ကျင်းပခဲ့ပါတယ်။
“အဘဆရာကြီး မင်းသိင်္ခရဲ့ ဒီမြေကမ္ဘာကနေ ထွက်ခွာခဲ့တာက ၁၇ နှစ်မြောက်ရှိပြီ။ ဒါကြောင့်မို့ အဘအတွက်ရည်စူးပြီး ဆရာတူ ပညာညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီးပထမအကြိမ်အဖြစ် လှူဒါန်းတဲ့ အလှူလေးဖြစ်ပါတယ်။ ကျွန်မတို့က အဘဆရာကြီး မင်းသိင်္ခရဲ့ တပည့်တွေ ဖြစ်တယ်။ အဘရဲ့ ပညာရပ်နဲ့ ထမင်းစားနေရတဲ့သူတွေလည်း ဖြစ်တယ်။ အဲဒီတော့ ဒီနေ့လိုမျိုး အဘရဲ့ နေထူးနေ့မြတ်လေးတွေ၊ အမှတ်တရနေ့လေးတွေမှာ ဒီနေ့ဆိုရင်လည်း အားလုံးစုပေါင်းပြီး လုပ်ကြတာပါ။ ကျွန်မတို့က ကိုယ့်အဖွဲ့လေးနဲ့ ကိုယ်ကိုယ်စီဖြစ်နေကြပေမယ့် ဒီနေ့မှာတော့ အဘရဲ့အထိမ်းအမှတ်ပွဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အတူတူစုပေါင်းပြီး လုပ်ဖြစ်ကြပါတယ်”လို့ ဆရာမ ဇင်လှိုင်နှင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အဘဆရာကြီး မင်းသိင်္ခရဲ့ ဆရာတူပညာညီအစ်ကိုမောင်နှမတွေက စုပေါင်းအလှူကို ပထမအကြိမ်အနေနဲ့ ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ကျောင်း ၁၀၀ ကသံဃာတော်အရှင်သူမြတ်တွေ၊ သီလရှင်ဆရာလေးတွေကို ဆွမ်းဆန်စိမ်း၊ ဆီ၊ ဆေး၊ ဆား၊ နေ့ဆွမ်းနဲ့ ဝတ္ထုငွေလှူဒါန်းဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းကြပါတယ်။
အဲဒီနောက် အဘမင်းသိင်္ခဝန်းအတွင်းမှာ ပင့်သံဃာတော်အရှင်သူမြတ် ၇ ပါးကို တရားတော်နာယူခဲ့ပြီးလှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခဲ့သလို အဘ ဆရာကြီးမင်းသိင်္ခရဲ့တပည့် ဆရာ/ဆရာမအပေါင်း သာဝကအပေါင်းတို့က “အောင်ထူးဆန်း” ဂါထာနဲ့ရွတ်ဆိုခဲ့ကြပါတယ်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ မဏိရာမကျောင်းတိုက်ရှိ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ပြီး မဏိရာမ မိဘမဲ့ဂေဟာရှိ မိဘမဲ့ကလေးတွေကို မုန့်နဲ့ အအေးတွေကိုလည်းဆက်လက် လှူဒါန်းခဲ့ပါတယ်။
#အဘဆရာကြီးမင်းသိင်္ခ
#ကမ္ဘာမြေမှနှုတ်ဆက်ထွက်ခွာခြင်း၁၇နှစ်မြောက်
#ဒေးစွန်ပါသာ့သနာနယ်မြေ #MasterMinTheinKha















