၁. ၈. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု Salt Lake City မှ နယ်သာလန် Amsterdam သို့ ထွက်ခွာသော လေယာဉ်တစ်စင်းသည် ပြင်းထန်သော လေယာဉ်မတည်ငြိမ်မှုနှင့် ကြုံတွေ့ရပြီးနောက် Delta လေကြောင်းလိုင်း၏ ဂျက်လေယာဉ်သည် Minneapolis သို့ လမ်းကြောင်းပြောင်းသွားခဲ့ပြီး ခရီးသည်အချို့ကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
Salt Lake City မှ Amsterdam သို့ ဇူလိုင် ၃၀ ရက်က ထွက်ခွာသော Delta လေကြောင်းလိုင်း၏ လေယာဉ်သည် ပြင်းထန်သော လေထုမတည်ငြိမ်မှုဖြစ်စဉ် Turbulance နှင့် ကြုံတွေ့ရသဖြင့် Minneapolis တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် ခရီးသည် ၂၅ ဦး ဆေးရုံတင်ထားရကြောင်း လေကြောင်းလိုင်းက ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။
ခရီးသည် ၂၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၃ ဦးလိုက်ပါလာသော လေယာဉ်အမှတ် DL56 သည် ဒေသစံတော်ချိန် ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် Minneapolis-Saint Paul အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ပြီး ရှေးဦးသူနာပြုများနှင့် မီးသတ်သမားများက ကြိုဆိုစောင့်ရှောက်ခဲ့သည်။
လေဆိပ်၏ ထုတ်ပြန်ချက်အရ ရုတ်တရက် လေထုမတည်ငြိမ်မှုကြောင့် လေယာဉ်ပေါ်တွင် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရာ ဆေးဘက်ဆိုင်ရာအဖွဲ့များက ဆိုက်ရောက်ဂိတ်တွင်ပင် ခရီးသည်များကို ကုသပေးခဲ့ပြီး လူ ၂၅ ဦးကို စစ်ဆေးမှုနှင့် ပြုစုစောင့်ရှောက်မှုများအတွက် ဒေသတွင်းဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသည်။
“ပါဝင်ပတ်သက်တဲ့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်အားလုံးရဲ့ ပံ့ပိုးကူညီမှုအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု Delta က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Flightradar24 မှ လေယာဉ်ပျံသန်းမှုဆိုင်ရာခြေရာခံမှတ်တမ်းများအရ လေယာဉ်သည် ပျံသန်းပြီး မိနစ် ၄၀ ခန့်အကြာတွင် ရုတ်တရက် အမြင့်ပေပြောင်းလဲမှု ဖြစ်ပွားခဲ့ပြီး စက္ကန့် ၃၀ အောက်အတွင်း ပေ ၁,၀၀၀ ကျော် မြင့်တက်သွားခဲ့ကာ နောက်ထပ် စက္ကန့် ၃၀ အတွင်း ပေ ၁,၃၅၀ ခန့် ပြန်လည်ကျဆင်းသွားခဲ့သည်။ ထို့နောက် လေယာဉ်သည် Minneapolis သို့ လမ်းကြောင်းပြောင်းခဲ့ပြီး မိနစ် ၉၀ ခန့်အကြာတွင် ဆင်းသက်ခဲ့သည်။
လေယာဉ်ပျံသန်းနေစဉ်အတွင်း ဖြစ်ပွားသော ရုတ်တရက်လေထုမတည်ငြိမ်မှုကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှုများမှာ ရှားပါးသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် လေထုအခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့ ပိုမိုအဖြစ်များလာနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလကလည်း စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပြင်းထန်သော လေထုမတည်ငြိမ်မှုဖြစ်စဉ် ကြုံတွေ့ခဲ့ရပြီးနောက် လူတစ်ဦးသေဆုံးခဲ့ရကာ ဆယ်စုနှစ်များအတွင်း အဓိကကျသော နိုင်ငံတကာလေကြောင်းလိုင်းများတွင် ပထမဆုံးအကြိမ်သေဆုံးမှု ဖြစ်ခဲ့ရသည်။
Ref , DW

