၁.၈.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းမှခေါ်ဆို၍ လိမ်လည်မှုပြုလုပ်နေသော တရုတ်လူမျိုး ကျားဖြန့်ဂိုဏ်းဝင် ၁၈ ဦးအား ဇူလိုင်လ ၃၁ ရက်ကပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ရပ်၌ မယ်ရင်ခရိုင်ရှိ ဘတ်သန်း ၄၀ ကျော် တန်သော ဇိမ်ခံအိမ်တစ်လုံးတွင် ဖမ်းဆီးမိခဲ့ကြာင်းသိရပြီး အဆောက်အအုံ ဒုတိယထပ်မှ လွတ်မြောက်ရန် ခုန်ချသူရှစ်ဦးကိုလည်း ဒဏ်ရာများနှင့်ဖမ်းမိခဲ့ကြောင်း သိရသည်။
ပြည်နယ်ရဲဒေသ (၅) ၏ လက်ထောက်ရဲမင်းကြီးဖြစ်သော ရဲချုပ် သာဝတ်ချိုင်း ဖုန်ဝီဝတ်ချိုင်းနှင့် ဆိုက်ဘာ ရာဇဝတ်မှုရဲအရာရှိများ၊ ကမ္ဘာလှည့်ခရီးသွားရဲအရာရှိများပါဝင်သောအဖွဲ့က မယ်ရင်ခရိုင်၊ ဟွေးဆေးမြို့နယ်၊ ရပ်ကွက် ၂ ရှိ ကျားဖြန့်ဇိမ်ခံအိမ်ကို ချင်းမိုင်ပြည်နယ်တရားရုံး၏ဖမ်းဝရမ်းနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက အိမ်ဝင်းအတွင်း ဝင်ရောက်စဉ်တွင် တရုတ်လူမျိုး အမျိုးသားများနှင့် အမျိုးသမီးများက ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများနှင့် အလုပ်လုပ်နေသည်ကို တွေ့ခဲ့ကြရသည်။ တရားခံများက ထွက်ပြေးကြရန်ကြိုးစားကာ အချို့ကဆိုလျှင် ရှစ်မီတာမြင့်သောဒုတိယထပ်မှ ခုန်ချခဲ့ကြရာ လူရှစ်ဦးကို ဒဏ်ရာများနှင့် ဖမ်းမိခဲ့သည်။ ၎င်းတို့တွင် ခြေထောက်ကျိုးသူတစ်ဦးပါဝင်ပြီးကျန်သူများမှာ အသေးအမွှားဒဏ်ရာများသာ ရခဲ့ကြသည်။
ရှာဖွေမှုများအရ ကွန်ပျူတာ အလုံး၂၀ ကျော်၊ မိုဘိုင်းဖုန်း ၁၀၀ ကျော်နှင့် ဓားစာခံများအားဆက်သွယ်ရန် တရုတ်ဆင်းမ်ကတ်များတွေ့ခဲ့ရသည်။
အဆိုပါဇိမ်ခံအိမ်ကို တရုတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးက လွန်ခဲ့သောသုံးလခန့်ကဝယ်ယူ၍နေထိုင်ကာ လက်အောက် ငယ်သားများနှင့်အတူ ၂၄ နာရီပတ်လုံးအလုပ်လုပ်ပြီး ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေခဲ့ကြခြင်း ဖြစ်သည်။
ရှေးဦးစစ်ဆေးချက်များအရ တရားခံများက ၎င်းတို့တစ်ဦးလျှင် လစာ ယွမ်ငွေ ၁၀,၀၀၀ မှ ၂၀,၀၀၀ ထိ (ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀)ထိ ရရှိကြကြောင်း သိရသည်။
၎င်းတို့၏လိမ်လည်မှုများတွင် အများအပြားသော ဓားစာခံများမှာ တရုတ်လူမျိုးများသို့ဖြစ်ပြီး အတုအယောင်ထုတ်ကုန်ရောင်းချမှုများ၊ လေကြောင်းလိုင်းအတုများ၊ လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူရေး အတုအယောင်ဇတ်လမ်းများ၊ငွေညှစ်ခြိမ်းခြောက်မှုများ စသည်ဖြင့် နည်းလမ်းပေါင်းစုံအမည်ခံကာ ငွေလိမ်လည်နေကြခြင်းဖြစ်ကြောင်း တွေ့ရသည်။
Ref-Baqngkok Post



