၃၁.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က BRICS အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကိုဆန်ကျင်ဖို့ကြိုးစားနေပြီး အမေရိကန်ဒေါ်လာကို ကမ္ဘာရဲ့အထူးသီးသန့်ငွေကြေး အဖြစ်တည်ရှိနေတဲ့အဆင့်ကိုလည်း ထိခိုက်စေလိုတယ်လို့ သူ့အနေနဲ့ယုံကြည်တယ်လို့ ဇူလိုင်လ ၃၀ ရက်က ပြောခဲ့ပါတယ်။
ထရမ့်ပ်က “BRICS မှာပါတဲ့ အဖွဲ့ဝင်တွေက အခြေခံအားဖြင့်တော့ အမေရိကန်ကို ဆန့်ကျင်ကြတယ်။ ဒီအဖွဲ့မှာ အိန္ဒိယနိုင်ငံကလည်း အဖွဲ့ဝင်အဖြစ်ပါတယ်” လို့ အိမ်ဖြူတော်မှာကျင်းပတဲ့ အိန္ဒိယနိုင်ငံအပေါ် ပြဌာန်းမယ့် ကုန်သွယ်စည်းကြပ်ခွန်အတွက် ဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
BRICS အကြောင်း ဆက်လက်ပြောကြားရာမှာ “ဒါဟာ တကယ်တော့ ဒေါ်လာငွေအပေါ် တိုက်ခိုက်မှုပဲ။ ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကိုမှ ဒီလိုတိုက်ခိုက်မှုမျိုး လုပ်ခွင့်ပေးမှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က အမေရိကန်က အိန္ဒိယအပေါ်ကုန်သွယ်စည်းကြပ်ခွန်သတ်မှတ်ရာမှာ BRICS အဖွဲ့ဝင် ဖြစ်ခြင်းအတွက် အပိုင်းတစ်ပိုင်းနဲ့ ကုန်သွယ်ရေးပြုလုပ်ဖို့ အပိုင်းတစ်ပိုင်းဆိုပြီး သတ်မှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။ ထရမ့်ပ်ပြောချက်အရတော့ အမေရိကန်နဲ့အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန်အနေနဲ့ များစွာလိုငွေပြနေတယ်လို့ သိရပါတယ်။
သိပ်မကြာသေးခင်ကပဲ အမေရိကန်သမ္မတထရမ့်ပ်က BRICS အဖွဲ့ဝင်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်မယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။ သူက BRICS အဖွဲ့ဝင်တွေဟာ ဒေါ်လာကို ထိခိုက်မှုဖြစ်စေချင်နေကြပြီး ဒါကို ရပ်တန့်ကြဖို့ သူကပြောခဲ့ပါတယ်။ သူက အမေရိကန်အနေနဲ့ အမေရိကန်ဒေါ်လာကို ကမ္ဘာရဲ့အထူးသီးသန့်ငွေကြေးအဖြစ် တည်ရှိနေတာကို ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ရီအိုဒီဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲမှာ BRICS နိုင်ငံတွေက ပူးတွဲ ကြေညာချက်ထုတ်ခဲ့ရာမှာတော့ BRICS နိုင်ငံတွေအနေနဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေမြင့်တက်မှု၊ ကုန်သွယ်စည်းကြပ်ခွန် လုံးဝမရှိမှုတို့ပါဝင်တဲ့ တစ်ဖက်သတ်ကုန်သွယ်ရေးနဲ့ ငွေကြေးဆောင်ရွက်မှုတွေကိုကန့်ကွက်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က BRICS နိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ ဒေါ်လာတည်ရှိမှုကို အလွဲသုံးစားပြုမှုတွေကိုဆန့်ကျင်ပြီး သူတို့ဟာသူတို့အာမခံနိုင်ဖို့ ဒေါ်လာအခြေခံစနစ်ကနေ နည်းလမ်းကွဲတွေရှာဖွေသွားမယ်ဆိုတာ ဇူလိုင်လ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
Ref- Tass
