◾️ အခက်အခဲအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များ အတူတကွဝိုင်းဝန်း ကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်းပါ ပြောကြား

၃၀. ၇. ၂၀၂၅
Written by Nyein Kyaw
SAC အစိုးရ တာဝန်ယူခဲ့သည့် လေးနှစ်ခွဲအတွင်း စစ်ဘက်၊ အရပ်ဘက်မှ အတွေ့အကြုံရှိ လုပ်ရည်ကိုင်ရည်ရှိသူများကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အရေးအပေါ်ကာလအတွင်း အခက်အခဲနှင့် ပိတ်ဆို့နှောင့်ယှက်မှု အများအပြားကြားမှ လုပ်ငန်းလည်ပတ်အောင် ဆောင်ရွက်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဖြစ်ပေါ်လာသည့် အခြေအနေများအရ အကောင်းဆုံး ဆုံးဖြတ်လုပ်ဆောင်ရခြင်းဖြစ်၍ တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက်တို့မှ အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့် သူများကို အမြန်ရွေးခြယ်၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဝန်ကြီးဌာနအသီးသီးတွင် အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အစိုးရ၏လုပ်ငန်းယန္တရားများ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲနှင့် ပိတ်ဆို့နှောင့်ယှက်မှု အများအပြားအကြားမှ လုပ်ငန်းများလည်ပတ်အောင် ဆောင်ရွက်ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ လေးနှစ်ခွဲကာလသို့ ရောက်ရှိပြီဖြစ်ပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲ၊ အကျပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွဝိုင်းဝန်း ကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဘက်များအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
