




၃၀.၇.၂၀၂၅
Written By Thandar
ငွေကြေးနဲ့ပတ်သက်ပြီး ပညာပေးဟာသဇာတ်လမ်းပုံစံ “အိပ်မက်တွေက ဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပွင့်က အစကတည်းက ဟာသတွေရိုက်ရတာသဘောကျတာပါ။ ရို့မန်တွေ ဟာသတွေရိုက်မယ့်စိတ်ကူးခဲ့တာပါ။ ဒီဇာတ်ကားကို အရင်ဆုံး မင်းသမီးတွေ အများကြီးနဲ့ ဇာတ်လမ်းရိုက်မယ်လို့ တည်တာပေါ့။ တည်ပြီးတော့မှ အကုန်လုံးရဲ့ မောင်လေးကို စဉ်းစားကြတာ။ မောင်လေး ဘယ်သူ့ကို လုပ်ခိုင်းမလဲ တွေးကြရင်း တံခွန့်ကို မျက်လုံးထဲ မြင်တာနဲ့ပြောလိုက်တာပါ။ ဒီဇာတ်ကားမှာ မောင်လေးက အကုန်လုံးပတ်ပြီး Ro ရတာပေါ့နော်”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီးတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က သရုပ်ဆောင် ပိုင်တံခွန်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ချောရတနာ၊ သွန်းဆက်၊ နော်ဖောအယ်ထား၊ မေပန်းချီ၊ ဧည့်သည် သရုပ်ဆောင် လင်းလင်း၊ အေးသီတာ၊ ဇာခြည်လွင်၊ စင်သီယာ၊ ရဲမာန်စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူး ထားပါတယ်။
“အိပ်မက်တွေကဈေးကြီးတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
