ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အကူအညီတောင်းခံမှုအရ အခင်းဖြစ်စဉ်နှင့်ပတ်သက်သည့်မိသားစုဝင်များရှိရာ ရွှေပြည်သာမြို့နယ်အတွင်းစုရပ်ဆွေးနွေးခဲ့ကြစဉ်

၂. ၂. ၂၀၂၃
Written By Myo Khine

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ခမီအမျိုးသမီးငယ်တစ်ဦး လူကုန်ကူးခံရဆဲအခြေအနေမှ ပြန်လည်လွတ်မြောက်လာကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးသည့် ရခိုင်အမျိုးသားကွန်ရက်မှ သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ နဂါးမြောင်ကျေးရွာ၌ နေထိုင်သည့် ခမီအမျိုးသမီးငယ်မ(—–) ဖြစ်ပြီး ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် ရန်ကုန်မှ မန္တလေးသို့သွားရာတွင် ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာမှ ခမီအမျိုးသား မောင်(—–)က ကူညီဆောင်ရွက်ပေးမည်ဟုပြောဆိုကာ ဖုန်းဖြင့်ချိတ်ဆက်၍ မန္တလေးအရောက်တွင်လာကြိုပြီး ဟိုတယ်တစ်ခုအတွင်း တည်းခိုစေခဲ့သည်။

ယင်းနောက်အဆိုပါ ခမီအမျိုးသမီးငယ်မ(—–)က ၎င်းကို လာရောက်ခေါ်ဆောင်သည့် ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာမှ ခမီအမျိုးသားမောင်(—–)အား သင်္ကါမကင်းဖြစ်ကာ တည်းခိုနေသည့်ဟိုတယ်ခန်း၏ တံခါးအတွင်းဘက်မှဂျက်ထိုး၍ ဟိုတယ်မန်နေဂျာအား အော်ဟစ်အကူအညီတောင်းခဲ့သည်။

ဟိုတယ်မန်နေဂျာ၏ ကူညီပေးမှုဖြင့် ရန်ကုန်ရှိအဒေါ်ဖြစ်သူအား ဖုန်းဆက်ကာ စိုးရိမ်တကြီး အကြောင်းကြားလာသည့်အတွက် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အကူအညီတောင်းခံမှုအရ ရခိုင်အမျိုးသားကွန်ရက်ကလည်း ယင်းအမျိုးသမီးငယ်၏ မိသားစုဝင်များရှိရာ ရွှေပြည်သာမြို့နယ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့က ဖြစ်စဉ်ကို သေချာ နားထောင်ကြပြီးတဲ့နောက်မှာ မန္တလေးမှာရှိတဲ့ မိတ်ဆွေရခိုင်အင်အားစုတွေနဲ့ ချိတ်ဆက်ပြီး ဟိုတယ်ခန်းအတွင်းပိတ်မိနေတဲ့ အဲဒီ ခမီအမျိုးသမီးငယ်မ(—–)ကို ခေါ်ဆောင်ခဲ့တယ်။ ရခိုင်ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ဦးစွာတည်းခိုနေရာချထားပေးခဲ့တယ်။ ပြီးတော့ ရန်ကုန်က အဒေါ်ဖြစ်သူနဲ့ဆွေမျိုးတွေ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မာန်အောင်ဆရာတော်အရှင်ပညာစာရကျောင်းကို လိုက်လာကြပြီး အဲဒီကနေ ပြန်ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်”ဟု ရခိုင်အမျိုးသားကွန်ရက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင် ခမီအမျိုးသမီးငယ်မိသားစုအသိုင်းအဝိုင်း၏ စိတ်ဆန္ဒအရ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာမှ ခမီအမျိုးသားမောင်(—–)အား လူကုန်ကူးမှုနှင့်ပတ်သက်သော ဥပဒေအရ အရေးယူဆောင်ရွက်မှု မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *