၂.၂.၂၀၂၃
Written by Nay Aung

မြန်မာ့တပ်မတော်သည် နိုင်ငံတကာအဖွဲ့စည်းများ၏အသံကို နားထောင်ခြင်းမရှိကြောင်း ဂျပန်အစိုးရအတွင်းရေးမှူးအဖွဲ့ အကြီးအကဲ ဟီရိုကာဇူ မတ်ဆူနိုက မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားသော ၂ နှစ်ပြည့်နေ့တွင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၂ နှစ်အတွင်း ဖြစ်ပွားလျက်ရှိနေသောအခြေနေများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဟီရိုကာဇူ မတ်ဆူနိုက ပြောသည်။

၎င်းက “တပ်မတော်ဟာ နိုင်ငံတကာအဖွဲ့အစည်းများရဲ့အသံကို နားထောင်ခြင်းမရှိဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်မယ့် လက္ခဏာမျိုးမရှိဘူး။ ဂျပန်အစိုးရဟာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရှိ ပြည်သူများလက်ခံနိုင်တဲ့ ငြိမ်းချမ်းတဲ့ဆုံးဖြတ်ချက်၊ အဖြေရှာဖွေနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ တပ်မတော်ကို တိုက် တွန်းတောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အနောက်အုပ်စုနိုင်ငံများသည် နစကအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့သော်လည်း ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်  ပိတ်ဆို့မှုချမှတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

သို့သော်လည်း ဂျပန်အစိုးရသည် မြန်မာနိုင်ငံနှင့်အပြန်အလှန် ဆက်ဆံရေးပိုင်းတွင် ယခင်လောက်ကောင်းမွန်မှုမရှိဘဲ အေးစက်သွားခဲ့ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ဂျပန်အစိုးရသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်ထားသော အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရေးနှင့် အာဆီယံအဖွဲ့၏ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောဆိုဖူးသည်။

ref-japannews.yomiuri

Leave a Reply

Your email address will not be published. Required fields are marked *