၂. ၂. ၂၀၂၃
Written by Pan Ei

အိန္ဒိယဘီလျံနာနဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး ဂေါ်တန် အဒါနီ(Gautam Adani)ဟာ ကုမ္ပဏီအစုရှယ်ယာတန်ဖိုးတွေ ကျဆင်းသွားပြီးနောက် ပိုင်ဆိုင်မှု ဒေါ်လာ ၅၀ ဘီလျံကျော် ဆုံးရှုံးခဲ့ရလို့ အာရှနဲ့ အိန္ဒိယရဲ့ အချမ်းသာဆုံး ပုဂ္ဂိလ်နေရာကနေ ဖယ်ရှားပေးခဲ့ရပါတယ်။

နယူးယောက်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများအဖွဲ့အစည်း ဟင်ဒီဘာ့ဂ်သုတေသနအဖွဲ့ရဲ့ ပြီးခဲ့တဲ့အပတ်က အစီရင်ခံစာမှာ ဂေါ်တန် အဒါနီ ပိုင် အဒါနီအုပ်စုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း ဒေါ်လာ ၂၁၈ ဘီလျံတန်ဖိုးရှိတဲ့ စတော့ဈေးကွက်ကို ခြယ်လှယ်ခဲ့ပြီး စာရင်းလိမ်လည်မှု ပြုလုပ်ခဲ့တယ်လို့ သူတို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီဖော်ပြချက်ကို အဒါနီအုပ်စုက ငြင်းဆိုခဲ့ပေမယ့် အဒါနီ လုပ်ငန်းစုရဲ့ အထင်ကရစီးပွားရေးလုပ်ငန်းတွေနဲ့ လုပ်ငန်းခွဲတွေဟာ ဗုဒ္ဓဟူးနေ့မှာတော့ စျေးကွက်တန်ဖိုး ဒေါ်လာ ၉၀ ဘီလျံကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေခဲ့တဲ့ ဂေါ်တန် အဒါနီဟာ တစ်ပတ်တာကာလအတွင်း အသားတင်ပိုင်ဆိုင်မှုတွေ သိသိသာသာကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၁၆ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိမှာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၆၇ ဘီလျံကို ပိုင်ဆိုင်ထားဆဲဖြစ်ပေမဲ့လည်း Reliance စက်မှုလုပ်ငန်းတွေရဲ့ ဥက္ကဋ္ဌ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် Mukesh Ambani က လက်ရှိပိုင်ဆိုင်မှု ဒေါ်လာ ၈၂ ဒသမ ၉ ဘီလျံနဲ့ အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

Ref; Time, Forbes

Leave a Reply

Your email address will not be published. Required fields are marked *

Related News