ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာ တီရီဆီတာ ဒါဇာ ကို တွေ့ရစဉ်

၂. ၂. ၂၀၂၃

Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံသား အနည်းဆုံးရှစ်ဦးမှာ နိုင်ငံခြားသားများအတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေများကိုချိုးဖောက်ကာ ထိုင်းနှင့်မြန်မာနယ်စပ်ကိုဖြတ်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားမှုကို ခံနေရကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

၎င်းတို့က ဇန်နဝါရီ ၁၇ ရက်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ နယ်စပ်သောင်းရင်းမြစ်(မိုးအီမြစ်)ကို စက်လှေတစ်စင်းနှင့် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြစဉ် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာ တီရီဆီတာ ဒါဇာက မြဝတီမြို့တွင် မြန်မာရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုခံထားရသည်ဟု အတည်ပြုထားသော ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း ပြောခဲ့သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးကလည်း ဖမ်းဆီးခံထားရသော ဖိလစ်ပိုင်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးတို့အပြင် ၎င်းတို့အားအမြန်ဆုံး အိမ်ပြန်ပို့နိုင်ရန် နေပြည်တော်နှင့် မြဝတီမြို့ရှိ မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောခဲ့သည်။

ဖမ်းဆီးခံထားရသည့် ဖိလစ်ပိုင်နိုင်ငံသားများက ထိုင်း-မြန်မာနယ်စပ်တွင် မဲဆောက်မြို့ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို နယ်စပ်မြစ်အား စက်လှေဖြင့် ဖြတ်ကူးဝင်ရောက်ခွင့်ပိတ်ပင်ထားသည်ကို မသိပါကြောင်း ပြောခဲ့ကြသည်။ သို့သော် သတင်းများအရ ၎င်းတို့ရှစ်ဦးမှာ လူကုန်ကူးခံရသူများအဖြစ် စွပ်စွဲခံထားကြရသူများဖြစ်ပြီး မြဝတီမြို့တွင် မြန်မာရဲတပ်ဖွဲ့က ၎င်းတို့၏ အလုပ်ခွင်နေရာများမှ ကယ်ဆယ်ခဲ့ရခြင်းဟုလည်း သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်တွင် ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ထိုင်းနှင့် မြန်မာနိုင်ငံသားများသာ နယ်စပ်ကိုဖြတ်ကျော်၍ ဝင်ရောက်ခွင့်ရှိသေးသည်။ ၎င်းတို့အနေဖြင့်လည်း ချစ်ကြည်ရေးတံတားပေါ်မှသာ ဖြတ်သန်းသွားလာရမည်ဖြစ်သည်။ အခြားသောနိုင်ငံခြားသားများအနေဖြင့် နယ်စပ်သောင်ရင်းမြစ်ကိုဖြတ်၍ တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်ခြင်းက နှစ်နိုင်ငံစလုံး၏ လူဝင်မှုကြီးကြပ်ရေးဥပဒေများနှင့်မကိုက်ညီပေ။ ဥပဒေအရ ပြည်ပနိုင်ငံသားများ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ရှိသောနေရာများမှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များ ဖြစ်ကြသည်။

ဇန်နဝါရီ ၃၀ ရက်ကလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာတီရီဆီတာ ဒါဇာက ဖိလစ်ပိုင်နိုင်ငံသားများအနေနှင့် ပြည်ပသို့အလုပ်အကိုင်များသွားရောက်လုပ်ကိုင်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများအနေနှင့် ထွက်ခွာကြမည့်အစား ပြည်ပအလုပ်သမားများအဖြစ် မှန်မှန်ကန်ကန် မှတ်ပုံတင်ကြစေလိုကြောင်းပြောခဲ့သည်။

Ref—– PNA

Leave a Reply

Your email address will not be published. Required fields are marked *