သတိုး
၂၅. ၇. ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ယခုလဆန်းပိုင်းကအပြန်အလှန်စာပို့ဆက်သွယ်အပြီးတွင် အမေရိကန်ပြည်ထောင်စုက တပ်မတော်နှင့်နီးစပ်သည့် လုပ်ငန်းရှင်အချို့အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကို ကြာသပတေးနေ့ (ဇူလိုင် ၂၄ ရက်) တွင် ရုပ်သိမ်းပေးလိုက်သည်။
ယင်းသို့ ရုပ်သိမ်းခြင်းသည်မြန်မာအစိုးရ၏ အကြီးအကဲက သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က ဇူလိုင် ၇ ရက် ရက်စွဲဖြင့်ပေးပို့သော လာမည့် ဩဂုတ် ၁ ရက်တွင် စတင်မည့် ကုန်သွယ်ရေးမိတ်ဖက်အဖြစ် အခွန်ညှိနှိုင်းရန် ဖိတ်ခေါ်စာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ပါဝင်ခြင်းနှင့် အခွန်ညှိနှိုင်းလိုကြောင်း တုံ့ပြန်စာပေးပို့ပြီး နှစ်ပတ်အကြာတွင် အမေရိကန်ပြည်ထောင်စုဘက်က အပြုသဘောဆောင်သော ဖြေလျှော့မှု ပြုလာခဲ့ခြင်းလည်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ ရုပ်သိမ်းမှု ထုတ်ပြန်ချက်တွင် KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ ဦးဂျွန်နသန်မျိုးကျော်သောင်း၊ MCM Group နှင့် ၎င်း၏ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နှင့် ၎င်း၏ပိုင်ရှင် ဦးစစ်တိုင်းအောင် နှင့် အခြားပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ ဒေါ်တင်လတ်မင်း တို့ကို အမေရိကန်၏ ပိတ်ဆို့အရေးယူမှု စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ဖော်ပြထားသည်။
KT Services & Logistics နှင့် ဦးဂျွန်နသန်မျိုးကျော်သောင်းတို့အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဘိုင်ဒင်အစိုးရလက်ထက်၌ ပိတ်ဆို့အရေးယူမှု စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းသိမ်းမှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဦးစစ်တိုင်းအောင်နှင့် ဦးအောင်လှိုင်ဦးတို့အား ထိုနှစ်အတွင်းမှာပင် မြန်မာ့ကာကွယ်ရေးကဏ္ဍတွင် လုပ်ကိုင်မှုများကြောင့် ပိတ်ဆို့အရေးယူမှု စာရင်းတွင် ထည့်သွင်းခဲ့သည်။ ဒေါ်တင်လတ်မင်းကိုမူ တပ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သည့် အခြားပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ကာ အာဏာထိန်းသိမ်းမှု သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်တွင် စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်းသို့ ပိတ်ဆို့မှု ဖြေလျှော့ရခြင်း အကြောင်းရင်းကို ရှင်းပြခြင်းမရှိသလို၊ အိမ်ဖြူတော်ကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ဟု ရိုက်တာသတင်းဋ္ဌာနက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ထံ ပြန်လည်ပေးပို့သော ညှိနှိုင်းသဝဏ်လွှာတွင် မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် ၄၀ ရာခိုင်နှုန်း စည်းကြပ်မည့် အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအကြား လျှော့ချရန် အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံကလည်း အမေရိကန်မှ သွင်းကုန်များအပေါ် သုညမှ ၁၀ ရာခိုင်နှုန်းအထိ အခွန်လျှော့ချပေးမည်ဟု ညှိနှိုင်းတောင်းဆိုခဲ့သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးရန်နှင့် ရုပ်သိမ်းပေးရန်”လည်း ထရမ့်ပ်ကို တောင်းဆိုခဲ့သည်။
အကြောင်းမှာ ၎င်းတို့သည် နှစ်နိုင်ငံနှင့် ပြည်သူလူထု၏ ဘုံအကျိုးစီးပွားနှင့် သာယာဝပြောမှုကို အဟန့်အတား ဖြစ်စေသောကြောင့် ဖြစ်သည်ဟု တောင်းဆိုစာတွင် ဖော်ပြခဲ့သည်။
Ref, Reuters
