
၂၄.၇.၂၀၂၅
Written By Zun
မွန်ပြည်နယ်အတွင်း လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အလုံး ၂၀၀ ကျော်ပျက်စီးမှု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် ၈ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ပြီး လေဆင်နှာမောင်း ဝင်မွှေခဲ့သည့် ဒေသများမှာ မွန်ပြည်နယ် ပေါင်မြို့နယ် ၊မိုးနိုင်၊ ထားဝယ်စုရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။

“တကယ့်ကို အချိန်တိုတိုလေးမှာ တိုက်တာ၊ အိမ်တွေပြိုပြီး အပင်တွေပိ၊ တော်တော် ပျက်တယ်။အလုံး ၂၀၀ ကျော်မယ်။ မနက်ပိုင်း ဖြစ်တာဆိုတော့ နေ့လယ်ပိုင်းတွေမှာ အမိုးတွေ ပြန်လုပ်နေကြတယ်။ မပြီးကြသေးဘူး ”ဟု ယင်း သတင်းရင်းမြစ်က MT News ကို ပြောသည်။
ပြီးခဲ့သည့် မေလ အတွင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ခန့် ထိခိုက် ပျက်စီးခဲ့သေးကြောင်း သိရသည်။
ဓာတ်ပုံ – CJ
