
၂၄.၇.၂၀၂၅
Written By Zun
ပဲခူးမြို့နယ်အတွင်း ယနေ့ ညနေက လေဆင်နှာမောင်း တိုက်ခတ်ခဲ့သောကြောင့် အိမ် အလုံးရေ ၃၀ ခန့်နှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၆ နာရီခန့်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းဝင် ရောက်တိုက်ခတ်ခဲ့မှုကြောင့် မယင်းကျေးရွာအုပ်စု၊ ကံကြီးကျေးရွာတွင် နေအိမ်များ အမိုးလန် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် သွပ်(၅)ချပ် အမိုးလန်ပြီး ကျောင်းဝန်းအတွင်းရှိ သက်တမ်းနှစ်(၈၀) ခန့်ရှိ အမြင့်ပေ (၆၀)ခန့်၊ လုံးပတ်(၆)ပေခန့် လက်ခုပ်ပင်(၁)ပင် အမြစ်လန်လဲကျခဲ့ကြောင်းလည်း သိရသည်။
“တချို့ အိမ်တွေဆိုရင် အိမ်တစ်ခုလုံးပြိုတာ ရှိတယ်။ ပြိုတာက ၄ လုံးရှိတယ်။ အမိုးလန်တာက ၂၅ လုံးလောက် ရှိတယ်။ သွပ်မိုးထားတဲ့အိမ်တွေ မှာ သွပ်တွေတောင် လေနဲ့ ပါသွားတာ။အပျက်အစီး အနည်းဆုံးအိမ်ဆိုရင်တောင် သွပ်မိုး လန်တာချည်းပဲ”ဟု ပဲခူးဒေသခံတစ်ဦးက MT News ကို ပြောသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင်လည်း သစ်ပင်များလဲပြိုပျက်စီးခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ် တို့၌လည်း သစ်ပင်လဲကျမှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်- အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားခဲ့ပြီး၊ ပိုမို အားကောင်းလာကာ၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်း ရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေတို့တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး ထိုမှ တစ်ဆင့် နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်ကြောင်းလည်းခန့်မှန်းထားသည်။
အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန် ကောင်းနေသည့်အတွက် ယနေ့ဇူလိုင်လ ၂၄ ရက် ညမှ ဇူလိုင်လ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ် စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးကာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက် ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် ကြောင်းလည်း သိရသည်။
