၂၄.၇.၂၀၂၅
Written By Zun
သောင်ရင်းမြစ်ရေမြင့်တက်လာသော မြဝတီမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသူများထံမှ သိရသည်။
သောင်ရင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် မြဝတီမြို့ရှိအနိမ့်ပိုင်းနေရာများအားလုံး ရေနစ်မြုပ်နေသည့်အပြင် မြစ်ရေ ဆက်လက်မြင့်တက်နေဆဲဖြစ်သောကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်မှစတင်၍ မြဝတီမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ် ခဲ့သည့်အတွက် ဒေသတာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ကြရသည်။
ယခုအခါ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ရေဘေးသင့်ပြည်သူ ၄၀၀၀ ခန့် ရောက်ရှိနေကြကြောင်း၊ ယင်းကို ဒေသတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်ပေးထားကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ရာတွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက သောင်ရင်းမြစ်သည် မြဝတီမြို့၏ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ကာ ၁၂၅၁ စင်တီမီတာသို့ ရောက်ရှိနေကြောင်းသိရသည်။
“အခုကတော့ လူက များပါတယ်။ မိုးဆက်ပြီးရွာမယ်ဆိုရင်တော့ ရေက ဆက်တက်မှာပဲ။ မိုးမရွာပါစေနဲ့တော့လို့တော့ ဆုတောင်းနေရတာပေါ့။ စားရေးသောက်ရေးကတော့ အခက်အခဲ ရှိတယ်။ ရေကြီးပြီဆိုတာနဲ့ အဓိက လိုအပ်တာ သောက်ရေပေါ့ဗျာ။ လာလှူသူတွေလည်း ရှိပါတယ်”ဟု ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက MT News ကို ပြောသည်။

သောင်းရင်းမြစ်၊ မယ်ဆိုင်ချောင်း၊ ရွှေကျင်မြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ်တို့တွင် နောက်တစ်ရက်အတွင်း မြစ်ရေတိုးကာ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ဘီဝမ်း
