
၂၄. ၇. ၂၀၂၅
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ယနေ့ ညနေပိုင်းက သေနတ်ပစ်ဖောက် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုဖြစ်စဥ်အတွင်း ဆိုင်ဝန်ထမ်းနှစ်ဦးဒဏ်ရာရသည့်အပြင် ဆိုင်ရှိရွှေထည်နှင့် ရောင်းရငွေများ လုယက်ခံရကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းကြားရှိ ရွှေနန်းသုခ အာမခံ စိန်၊ ရွှေ ရတနာဆိုင်တွင် ဝန်ထမ်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦးမှ ဆိုင်ဖွင့်လှစ်ရောင်းချနေစဥ် လူ ၆ ဦးပါသော Honda Fit မော်တော်ယာဥ် အဖြူရောင်(စိစစ်ဆဲ) တစ်စီး ရောက်ရှိလာပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ကားပေါ်ကဆင်းလာကာ အမျိုးသား ၁ ဦးမှ သေနတ် ပစ်ဖောက်၍ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် “အားလုံးဝပ်နေ” ဟု ပြောဆိုကာ လက်ဝတ် ရတနာပစ္စည်းများ ခင်းကျင်းပြသထားသည့် မှန်ကောင်တာများ အတွင်းမှ ရတနာပစ္စည်းများ( အရေအတွက်/တန်ဖိုး စိစစ်ဆဲ) နှင့် ငွေကျပ် သိန်း ၃၀ ကျပ်ခန့်အား လုယက်ယူဆောင်ကာ ၃၉ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

အဆိုပါ ပစ်ခတ်လုယက်မှုဖြစ်စဥ်အတွင်း ဆိုင်ဝန်ထမ်း ဦးမျိုးညွန့်နှင့် ကိုဇော်လင်းနိုင်တို့ ၂ ဦးတွင် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို မဏီစလ လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ လုံခြုံရေးပူးပေါင်းအဖွဲ့များမှ တရားခံများ ဖမ်းဆီးရမိရေး CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခြင်း၊ နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ။ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဥ်မြင်ကွင်းနှင့် ထိခိုက်ဒဏ်ရာရသူများမြင်ကွင်း (ဓာတ်ပုံ – မဏီစလ၊ CJ)
