၂၄. ၇. ၂၀၂၅
Translated by Thettant
ယမန်နေ့က ကျင်းပခဲ့သည့် အပင်ရောဂါ ကာကွယ်ရေးဆိုင်ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးတစ်ခုအရ တရုတ်နိုင်ငံသည် SCO အဖွဲ့ဝင်နိုင်ငံများထံမှ စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းမှုကို သိသိသာသာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
အထွေထွေ အကောက်ခွန်အုပ်ချုပ်မှုအဖွဲ့ (GAC) က အဆိုပါ အစည်းအဝေးတွင် ပြောကြားသည့်အချက်အရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် SCO နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၆ ဘီလျံတန်ဖိုးရှိ စိုက်ပျိုးရေး ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ၂၀၀၁ ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ ၁၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
GAC မှ ကြီးမှူးကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ SCO နိုင်ငံများမှ အရာရှိ ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများသည် ပိုးမွှားစောင့်ကြည့်ခြင်း၊ ကြိုတင်အန္တရာယ် သတိပေးခြင်းနှင့် စမတ်ကြီးကြပ်မှု နည်းပညာများ အသုံးပြုခြင်းတို့နှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် ကပ်ရောဂါ ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လည်း တောင်းဆိုခဲ့သည်။
GAC ဒုတိယအကြီးအကဲ Zhao Zenglian က အန္တရာယ်အကဲဖြတ်ခြင်း လုပ်ထုံးလုပ်နည်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ကွာရန်တင်း ဝင်ရောက်ခွင့်ကို အရှိန်မြှင့်တင်ခြင်းနှင့် ဒေတာမျှဝေခြင်းနှင့် အီလက်ထရောနစ် လက်မှတ်များကို အပြန်အလှန် အသိအမှတ်ပြုခြင်းကဲ့သို့သော အစီအမံများမှတစ်ဆင့် အကောက်ခွန် လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အလေးထား ပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) သည် တရုတ်နှင့် ရုရှားနိုင်ငံ အပါအဝင် အာရှအလယ်ပိုင်းနိုင်ငံများ ဦးဆောင်ဖွဲ့စည်းထားသော နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းဖြစ်သည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိကာ ၂၀၂၃ ခုနှစ်စာရင်းအရ ၎င်း၏စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၃၂ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူအဆင့် ၁ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။
