◾️ ထိုင်းနှင့် ကမ္ဘောဒီးယားတို့အနေဖြင့် ယခုဖြစ်ပွားနေသည့် နှစ်နိုင်ငံပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းပါ ပြောကြား
၂၄. ၇. ၂၀၂၅
Written by Nyein Kyaw
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲများရှိပါက မြန်မာသံရုံးနှင့် စစ်သံရုံးများထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းနေကြတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားအမြင်ကို ပြောပါမယ်။ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်တယ်လို့ မြန်မာနိုင်ငံနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်။ အာဆီယံမိသားစုဝင်များလည်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးကို ဂရုပြုကြရန်နှင့် အခက်အခဲရှိပါက ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးများထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့လည်း မိမိတို့ရဲ့လုံခြုံရေးကို ဂရုပြုကြဖို့၊ အခက်အခဲရှိရင် ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးများနဲ့ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ယနေ့ နံနက်ပိုင်းမှစ၍ ပြင်းထန်စွာ မြင့်တက်လာခဲ့ရာ တစ်နေ့တာ မကုန်ဆုံးမီ ပစ်ခတ်မှုများအတွင်း ထိုင်းဘက်မှ အရပ်သား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူက အတည်ပြုပြောကြားထားသည်။
