




၂၃.၇.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုအခိုင်အမာရရှိလာတဲ့ သရုပ်ဆောင်လီလီကျော်ခိုင်ကတော့ “ရွှေဧည့်သည်” ဇာတ်လမ်းတွဲမှာ ကားပေါ်မှာ ကိုယ့်ကို ခါးပိုက်နှိုက်ရန်က ကာကွယ်ပေးရင်း ဒုက္ခရောက်တဲ့သူဌေးသားကို ပြန်ပြီး ကူညီပေးရတဲ့ မေမိစံကာရိုက်တာနဲ့ မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။
“ဒီဇာတ်လမ်းတွဲကို ကျေးလက်ဒေသဆန်ဆန်ဇာတ်ကားလေးကိုမှ Comedy Series ပါ။ နောက်ဒါရိုက်တာ အာကာစိုးဦးက ဒီကားမှာ အဓိကဇာတ်ဆောင်နေရာရော ဒါရိုက်တာနေရာပါ တာဝန်ယူရိုက်ထားတာပါ။ လီလီက ရွာအပြန်အဝေးပြေးကားပေါ်မှာ ခါးပိုက်နှိုက်ရန်ကနေ ကာကွယ်ပေးရင်း ကိုယ့်ကြောင့် သူက ဒုက္ခရောက်သွားတာပေါ့။ ဒုက္ခရောက်သူက ပြန်အကူအညီတောင်းတာကို ရွာခေါ်ပြီး ကူညီပေးတဲ့ ရွာသူလေး မေမိစံကာရိုက်တာက မြင်တွေ့ရမှာပါ။ ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဇာတ်လေးမို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင်လီလီကျော်ခိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း အာကာစိုးဦးနဲ့ စိစိ၊ ဇာတ်ညွှန်း အာကာစိုးဦး၊ စိစိနဲ့ ငွေတိုး၊ ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ အာကာစိုးဦး၊ လီလီကျော်ခိုင်၊ တိမ်ညွန့်၊ ပန်းသီး၊ စိစိ၊ ရွှေအိုး၊ ငွေတိုး၊ ဒဲ့ဒိုး၊ ကံပွင့်၊ ရာဇာပေါက်ပေါက်၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဘူးသီး၊ ရှိုင်းလေး၊ လန်းလန်း စတဲ့သူတွေအပြင် အထူးဧည့်သည်သရုပ်ဆောင် ထွန်းထွန်းတို့က ပါဝင်ထားကြပါတယ်။
အပိုင်း ၂၀ ပါဝင်တဲ့“ရွှေဧည့်သည်” ဇာတ်လမ်းတွဲကိုယနေ့ ဇူလိုင်လ ၂၃ ရက်နေ့က စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တိုင်းမှာ beebe TV Application ကနေ ထုတ်လွှင့်ပြသနေပြီလည်းဖြစ်ပါတယ်။
