MT News
၂၃. ၇. ၂၀၂၅
လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီခွဲတွင် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့ စောနေပိုင်(ခ)နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး(ခ)မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (ဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလျံ) ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအားလက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့်(ခ)သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက် နံနက် ၇ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိသူများကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား လွိုင်ကော်မြို့နေ ခွန်နေလင်းအောင်(ခ) အားသိုက်(ခ)ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိုင်ကော်မြို့နေ သူရိန်စိုး(ခ)ဖိုးသာထူး(ခ)ဖိုးလုံးမှ လာရောက်ပို့ ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင်(ခ)နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး(ခ)မိုးဒီတို့မှ လက်ခံ၍ ပုဗ္ဗသီရိမြို့နယ်နေ သိန်းမြင့်(ခ)သိန်းဟန်ထံသို့ လွှဲပြောင်းပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ် သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ပါ၍ ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယင်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
