
နေမိုး
၂၃. ၇. ၂၀၂၅
Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်တစ်ခုတွင် အစွန်းရောက်ရခိုင် ထွန်းမြတ်နိုင်ဦးဆောင်သော ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် ၎င်းထိန်းချုပ်ထားသည့်ဒေသများရှိ ယာယီထိန်းသိမ်းရေးစခန်းများနှင့် ကျေးရွာများတွင် ဘင်္ဂါလီအရပ်သားများအပေါ် စစ်ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း တွေ့ရှိရသည်။
ရက္ခိုင့်တပ်တော် (AA)မှ ဘင်္ဂါလီအရပ်သားများအား ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်း အပါအဝင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က ယနေ့ ပြောကြားသည်။
“AA က ဘင်္ဂါလီတွေကို နေရာအနှံ့မှာ ပြန်ပေးဆွဲတာတွေ၊ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိပါတယ်။ တချို့ဆို ခေါင်းဖြတ်သတ်ဖြတ်ခံရတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေက စစ်ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် နေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြင်းထန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူများကို တရားစွဲဆိုခွင့် အာဏာရှိပြီး၊ ရက္ခိုင့်တပ်တော်အတွင်းမှ ရာဇဝတ်မှုကျူးလွန်တဲ့ တရားခံများကိုလည်း စုံစမ်းစစ်ဆေးကာ တရားစွဲဆိုသင့်ပါတယ်။” ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်)က ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ ၁၁ မျက်နှာပါဝင်သော အစီရင်ခံစာတွင် AA လက်နက်ကိုင်အဖွဲ့က စစ်သုံပန်းနှစ်ဦးကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ အဘူဂျာရွာ၊ သရက်အုပ်ကျေးရွာမှ ဘင်္ဂါလီအမျိုးသား ၅ ဦးပါဝင်သော အုပ်စုတစ်စုကို ၂၀၂၄ ခုနှစ်၊ ဧပြီလ၌ AA တပ်ဖွဲ့မှ ဖမ်းဆီးပြန်ပေးဆွဲခဲ့ရာ နောက်ပိုင်းတွင် သေဆုံးလျက် တွေ့ရှိခဲ့ရပြီး၊ ယင်းအမျိုးသားတို့အနက်မှ ၄ ဦးမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရကာ ရုပ်အလောင်းများအားလုံးတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် လက္ခဏာများတွေ့ရှိခဲ့ရခြင်းအပါအဝင် မြင်သာထင်သာရှိသော AA ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများနှင့် ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် မောင်တောမြို့နယ် နတ်မြစ်အနီး၌ ဘင်္ဂါလီများအား AA က အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုနှင့် ၂ဝ၂၄ ခုနှစ်၊ မေလက ဘင်္ဂါလီနေအိမ်များကို မီးရှို့မှုများ စသည်တို့အပြင် AA ၏ စစ်ရာဇဝတ်မှုများကို သက်သေများနှင့်ရေးသားထားသလို ICC က စစ်ဆေးသင့်သည်ဟုလည်း တောင်းဆိုထားသည်။
