၂၃.၇.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း နာတိုရီခရိုင်အတွင်းရှိ ဘာရေဂရမ်မြို့နယ်တွင် ထရပ်ကားတစ်စီးနှင့် ဘတ်စ်ကားငယ်တစ်စီးတို့ ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက တိုက်မိမှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
သေဆုံးသူများအနက် အသက် ၃၂ နှစ်ရှိ ဘတ်စ်ကားယာဉ်မောင်း ရူဘီဟော့စိန်ကိုသာ မည်သူမည်ဝါ ခွဲခြားနိုင်သေးပြီး ကျန်သူများမှာ မည်သူဖြစ်ကြောင်း မပြောကြားနိုင်သေးပေ။ အခြားသေဆုံးသူများမှာလည်း ဘတ်စ်ကားပေါ် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည်ဟု ဘုန်ပါရာအဝေးပြေးလမ်းမ ရဲစခန်းမှူး အစ္စမေးလ်ဟော့စိန်က ပြောခဲ့သည်။
ဘုန်ပါရာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့က မာဟီပူရ်မြို့မှ ဒက်ကာသို့မောင်းနှင်လာသော ဘတ်စ်ကားက ဘိလပ်မြေများတင်ဆောင်လာသော ထရပ်ကားတို့ နာတိုရီခရိုင်အတွင်းရှိ ဘာရေဂရမ်မြို့နယ်အတွင်း ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီခွဲခန့်က ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ယာဉ်တိုက်မှုအတွင်း ဘတ်စ်ကားမှာ လုံးဝ ရုပ်ပျက်ဆင်းပျက် ပျက်စီးခဲ့ရပြီး ယာဉ်မောင်းနှင့်ခရီးသည် လေးဦးတို့က အချင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဟု သိရသည်။ အခြားနှစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသောကြောင့် ဘာရေ ဂရမ်မြို့နယ်ဆေးရုံသို့တင်ပို့ရာတွင် တစ်ဦးထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။
တစ်ဦးတည်းအသက်ရှင်ကျန်သည့် ဒဏ်ရာရခရီးသည်အား ထပ်မံ၍ ရာ့ဂျ်ရှာဟိမြို့ဆေးရုံသို့ ထပ်မံပို့ပေးခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ပွားမှုကို တွေ့မြင်ခဲ့သူ မီဇာနာ ရာမန်က ဘတ်စ်ကားက အခြားယာဉ်တစ်စီးကို ကျော်တက်ခဲ့ရာတွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ထရပ်ကားနှင့် တိုက်မိကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ သေဆုံးသူခြောက်ဦးတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးပါဝင်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ထရပ်ကားကို သိမ်းဆည်းခဲ့သော်လည်း ထရပ်ကားမောင်းသူမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
Ref- Dhaka Tribune
