၂၃.၇.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့မှာ အတ်တာရာမြို့နယ်ရှိ ကျောင်းတစ်ကျောင်းရဲ့အဆောက်အအုံအပေါ် ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ဘင်္ဂလားဒေ့ရှ်လေတပ်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ သေဆုံးသူစာရင်းအစစ်အမှန်ကို ထုတ်ပြန်ပေးပါလို့ ပျက်စီးနေတဲ့ ကျောင်းအဆောက်အအုံအပြင်ဘက်မှာ ရာပေါင်းများစွာသောကျောင်းသူကျောင်းသားတွေက ဇူလိုင်လ ၂၂ ရက်က စုဝေးတောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူက လေယာဉ်မှူးအပါအဝင် ၁၉ ဦးရှိခဲ့တယ်လို့ ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ရာက ဇူလိုင်လ ၂၂ ရက်မှာ ၂၇ ဦးအထိရှိလာပြီး ဇူလိုင်လ ၂၃ ရက်မှာတော့ သေဆုံးသူအနည်းဆုံး ၃၁ ဦး အထိရှိလာတယ်လို့ သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဒဏ်ရာရသူ ၁၇၀ ကျော်အနက် ဆေးရုံတွေမှာ ၆၉ ဦး ဆေးကုသခံနေရပြီး ၁၀ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဇူလိုင်လ ၂၃ ရက် နံနက်မှာ ပြောခဲ့ပါတယ်။ သေဆုံးသူတွေအနက် အများစုကလည်း ကျောင်းသူကျောင်းသား ကလေးငယ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဇူလိုင်လ ၂၂ ရက်က ကျောင်းသားတွေရဲ့ စုဝေးတောင်းဆိုမှုမှာတော့ ဒီထုတ်ပြန်ချက်တွေက အမှန်တကယ်မဟုတ်ဘူးလို့ ကျောင်းသားတွေက အော်ဟစ်ခဲ့ကြပြီး သေဆုံးသူစာရင်းအစစ်အမှန် ထုတ်ပေးဖို့နဲ့ ဆေးရုံတွေမှာ တက်ရောက်နေရတဲ့ ဒဏ်ရာရသူတွေရဲ့စာရင်းကို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီလေယာဉ်ပျက်ကျမှုက လူဦးရေ ၁၇၁ သန်းခန့်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကလေးငယ်များစွာသေဆုံးခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်ခဲ့ရပါတယ်။
ပျက်ကျခဲ့တဲ့လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကိုကျောင်းဝင်းအတွင်းက ပြန်လည်သိမ်းယူဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လေတပ်မှတာဝန်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာဆောင်ရွက်ခဲ့ကြပါတယ်။ ကျောင်းရဲ့ အင်္ဂလိပ်စာဌာနမှကထိကတစ်ဦးဖြစ်တဲ့ မိုဟာမက်အင်မရန်း ဟတ်စိန်က “အပျက်အစီးတွေထဲမှာ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်အလောင်းတွေကို တွေ့နေရသေးတယ်။ ကလေးတွေရော၊ သူတို့အုပ်ထိန်းသူတွေလည်းပါတယ်” လို့ အဲ့ဒီအချိန်မှာပြောခဲ့ပါတယ်။
ဟတ်စိန်က လေယာဉ်ပျက်ကျချိန်မှာ ကျောင်းဝင်းထဲမှာရှိနေခဲ့တာဖြစ်ပြီး သူက “အဖြစ်အပျက်ကို ပြောဖို့ ကျွန်တော့်မှာ စကားလုံးတောင်မရှိတော့ပါဘူး။ ကျွန်တော်က ကျောင်းအဆောက်အအုံတစ်ခုထဲမှာရှိနေတုံး လေယာဉ်က ပျက်ကျလာတာ။ ပေါက်ကွဲသံကြီးကတော့ တကယ့်ကို မခံမရပ်နိုင်အောင်ပါပဲ။ ဒီမှာ ကြည့်လိုက်တော့ ကြီးမားလှတဲ့မီးတောက်ကြီးတက်လာတယ်” လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် အစိုးရကတော့ လေယာဉ်ပျက်ကျမှုမှာ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေနဲ့ပတ်သက်လို့ အချက်အလက်တွေ ထိမ်ချန်မထားဘူးလို့ ငြင်းဆိုပြောကြားခဲ့ပါတယ်။ အစိုးရက သေဆုံးသူတွေကို ဆက်လက်ပြီးတော့ မည်သူမည်ဝါ ခွဲခြားစိစစ်နေတယ်ဆိုတာလည်း ပြောခဲ့ပါတယ်။
Milestone College ကျောင်းက မူကြိုတန်း၊ မူလတန်းနဲ့ အထက်တန်းတွေပါ ဖွင့်လှစ်ပညာသင်ကြားရာ ကျောင်းဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့အဆောက်အအုံမှာဆိုရင် အသက်ခြောက်နှစ်မှ ၁၃ နှစ်အကြား ကျောင်းသူကျောင်းသား ၁၀၀ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ဘက်ကတော့ ဂျက်တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးအနေနဲ့ လေယာဉ်က စက်ချွတ်ယွင်းမှုဖြစ်အပြီး နောက်မှာ လူဦးရေထူထပ်တဲ့ နေရာတွေကို ပျက်မကျစေဖို့ လေယာဉ်ကို ကြိုးစားမောင်းနှင်သွားခဲ့တာလို့ ပြောခဲ့ပါတယ်။ ပျက်ကျတဲ့ F-7 BGI ဂျက်တိုက်လေယာဉ်က တရုတ်နိုင်ငံလုပ်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ၂၀၁၁ ခုနှစ်မှာ ထိုလေယာဉ် ၁၆ စီးဝယ်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်စ်ကတော့ “ကျွန်တော့်မှာလည်း ဘယ်ကစပြောရမှန်းမသိတော့ပါဘူး။ ဒီအဖြစ်က ဘယ်သူမှမဖြစ်ချင်ကြပါဘူး။ လေယာဉ်က ဒီအပြစ်မဲ့ကလေးတွေရဲ့ ကျောင်းဆောင်ပေါ်ကို ပျက်ကျပြီး သူတို့မှာ မီးလောင်သေဆုံးကြရတယ်။ ဒီတော့ သူတို့မိဘတွေကို ကျွန်တော်ဘယ်လိုအဖြေများပေးနိုင်ပါဦးမလဲ။ ဘာများပြောနိုင်ပါဦးမလဲ။ ကျွန်တော့်မှာ ကိုယ့်ဟာကိုယ်တောင်အဖြေမပေးနိုင်ဘူးဖြစ်နေတယ်” လို့ ပြောခဲ့ပါတယ်။
Ref -Dhaka Tribune


